ဒီဗီဘီ သတင်းထောက် ထောင်ဒဏ် ၁၃ နှစ် ကျခံရ

ဒီဗီဘီ သတင်းထောက် ထောင်ဒဏ် ၁၃ နှစ် ကျခံရ
by -
ဖနိဒါ
အတိုက်အခံ သတင်းဌာနတခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ - ဒီဗီဘီ သတင်းထောက် ကိုငွေစိုးလင်းကို အင်းစိန်ထောင် အနောက်ပိုင်းခရိုင် တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများ...

အတိုက်အခံ သတင်းဌာနတခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ - ဒီဗီဘီ သတင်းထောက် ကိုငွေစိုးလင်းကို အင်းစိန်ထောင် အနောက်ပိုင်းခရိုင် တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများ အဆိုအရ သိရသည်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်နေ ၂၈ နှစ်အရွယ် ကိုငွေစိုးလင်းကို အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် ၁ဝ နှစ်နှင့် လဝက အရေးပေါ် ပြဋ္ဌာန်းချက် ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ကြောင်း ၎င်းတို့က ပြောဆိုခြင်း ဖြစ်သည်။

''မနေ့က ကိုငွေစိုးလင်းကို အီလက်ထရောနစ်အက် ဥပဒေနဲ့ ၁ဝ နှစ်၊ ၁၃(၁)နဲ့က ၃ နှစ် အားလုံးပေါင်း ၁၃ နှစ်ချလိုက်တယ်'' ဟု ကိုငွေစိုးလင်း၏ မရီးဖြစ်သူ မအေးမိစံက မဇ္စျိမကို ပြောသည်။

ယခုအမှုအတွက် ဥပဒေ အတိုင်ပင်ခံ တဦးဖြစ်သူ ဦးအောင်သိန်းကလည်း ''စစ်ကြောရေးလုပ်တယ်။ အီလက်ထရောနစ်နဲ့ ၁၃ (၁) တို့နဲ့ မနေ့က ညနေ ၄ နာရီလောက်မှာ အမိန့်ချတယ်လို့ သိတယ်။ အီလက်ထရောနစ် ဆက်သွယ်ရေး အက်ဥပဒေ ပုဒ်မ ၃၃ (က)၊ လဝက အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁) တို့နဲ့ စုစုပေါင်း ၁၃ နှစ် ချလိုက်တယ်'' ဟု ပြောသည်။

ကိုငွေစိုးလင်းသည် ဒီဗီဘီမှ ဗီဒီယို သတင်းထောက်တဦးဖြစ်ပြီး ၂ဝဝ၈ ခု နာဂစ်မုန်တိုင်းဒဏ်ခံ မိဘမဲ့ ကလေးငယ်များအကြောင်း မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးခဲ့သဖြင့် ပြီးခဲ့သည့်နှစ်က Rory Peck Awards ဗီဒီယိုကင်မရာ သတင်းသမားဆု ရရှိခဲ့သည်။

Rory Peck Awards ဆုအား လန်ဒန်အခြေစိုက် The Rory Peck Trust အဖွဲ့က ကမ္ဘာတလွှားမှ စွန့်လွှတ်စွန့်စား သတင်းသမားများအတွက် ပေးလေ့ရှိသည်။ ၁၉၉၃ ခု အောက်တိုဘာတွင် ရုရှနိုင်ငံ မော်စကိုမြို့၌ သတင်းဗီဒီယို ရိုက်ယူနေရာစဉ် သေနတ်ဖြင့် ပစ်သတ်ခံရသူ ဗြိတိန်သတင်းထောက် Rory Peck ကို ရည်စူး၍ သူ၏ မိတ်ဆွေများနှင့် ဇနီးဖြစ်သူတို့က ၁၉၉၅ ခုနှစ်တွင် ယင်းအဖွဲ့ကို ထူထောင်ခဲ့သည်။

ယခုလို ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် တရားမျှတမှုမရှိကြောင်းနှင့် လာမည့် ၂ဝ၁ဝ ခု ရွေးကောက်ပွဲ ကာလတွင်လည်း သတင်းလွတ်လပ်ခွင့် ရှိမည်မဟုတ်ကြောင်း ဒီဗီဘီ (ထိုင်း) တာဝန်ခံ ဦးတိုးဇော်လတ်က ပြောသည်။

“မတရားတဲ့ကိစ္စပါ။ တခြားသတင်းထောက်တွေကိုလည်း ဒါလုပ်ရင် ဒီလိုမျိုးထောင်ဒဏ် ခံရမယ်ဆိုတာ ပေးတယ်လို့ ထင်တယ်။ ကျနော်တို့ကတော့ မြန်မာပြည်မှာ ဘာဖြစ်နေတယ်ဆိုတာ ဖော်ထုတ်သွားမှာပဲ။ ၂ဝ၁ဝ မှာ သတင်းလွတ်လပ်ခွင့် ရှိနိုင်မယ်လို့ မထင်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

ကိုငွေစိုးလင်းကို နိုင်ငံခြား အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် ရဲမှူး ဦးဝင်းကြည်က အနောက်ပိုင်းခရိုင် အထူးတရားရုံး၌ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

သူ့ကို ပြီးခဲ့သည့်နှစ် ဇွန်လ ၂၆ ရက်နေ့တွင် တာမွေမြို့နယ် ကျောက်မြောင်းရှိ အင်တာနက် ဆိုင်တဆိုင်မှ အထွက် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၂၉ ရက်နေ့တွင် တာမွေမြို့နယ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (အက်စ်ဘီ)၊ ရယက နှင့် ရဲမှူးတို့က  သူ၏ နေအိမ်မှ ဗီဒီယိုကင်မရာကို လာရောက်သိမ်းယူသွားခဲ့ကြောင်း မအေးမိစံက မဇ္စျိမကို ပြောသည်။

ယခုကဲ့သို့ ပြစ်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ခြင်းအတွက် အယူခံတင်မည်ဟု သူက ဆိုသည်။

ကိုငွေစိုးလင်းကို အန်အယ်ဒီ လူငယ် ကိုနိုင်ငံလင်းနှင့်အတူ အင်တာနက်ဆိုင်မှ ဖမ်းဆီးသွားခြင်း ဖြစ်သော်လည်း ကိုနိုင်ငံလင်းမှာမူ အောင်သပြေ စစ်ကြောရေးစခန်းမှ သြဂုတ်လ ၂၉ ရက်နေ့တွင် ပြန်လွတ်မြောက်လာခဲ့ကြောင်း ဦးအောင်သိန်းက မဇ္ဈိမကို ပြောသည်။

ကိုငွေလင်းစိုးသည် အောင်သပြေ စစ်ကြောရေးစခန်းတွင် ၂ လကျော်ကြာ စစ်ဆေးခံခဲ့ရပြီးနောက် အင်းစိန်ထောင်သို့ ရောက်ရှိကာ ဖမ်းဆီးခံရပြီး ၃ လခွဲခန့်ကြာမှ မိသားစုဝင်များနှင့် တွေ့ခွင့်ရခဲ့သည်ဟု သိရသည်။ သူသည် ခြေလက်များ ထုံကျင်မှု ဝေဒနာကို ခံစားနေရကာ အာရုံကြောဆေး သောက်သုံးနေရသည်ဟု မရီးဖြစ်သူထံမှ သိရသည်။

ကိုငွေလင်းစိုး၏ အကိုဖြစ်သူ ကိုအောင်ထွန်းမြင့်သည်လည်း ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၌ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ မဲရုံကို ဓာတ်ပုံရိုက်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။ သို့သော် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ ယခုအခါ ရခိုင်ပြည်နယ် စစ်တွေထောင်တွင် အကျဉ်းကျနေသည်။

ယခု လဆန်းပိုင်းကလည်း ဒီဗီဘီသတင်းထောက် မလှလှဝင်းကိုလည်း အာဏာပိုင်များက ထောင်ဒဏ် နှစ်ရှည် ချမှတ်ခဲ့သည်။ သူနှင့်အတူ သတင်းထောက် ကိုဝင်းမော်သည် ၂၀၁၀ ခုနှစ်အတွက် ကင်ဂျီနာဂအိ အမှတ်တရ ပူးတွဲဆုကို ချိီးမြှင့်ခံရသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာများ မေတ္တာပို့ ဆုတောင်းပွဲ ကာလမှစ၍ ၂၀၀၉ ခုနှစ်အတွင်း စာနယ်ဇင်းသမား စုစုပေါင်း ၁၄ ဦးခန့် ရှိသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် BMA ခေါ် မြန်မာသတင်းသမဂ္ဂက ပြောသည်။