နယ်မြေနှင့် ရွေးကောက်ပွဲအတွက် ရွာများ ဖျက်ဆီးခံရဟု KNU ပြော

နယ်မြေနှင့် ရွေးကောက်ပွဲအတွက် ရွာများ ဖျက်ဆီးခံရဟု KNU ပြော
by -
ကျော်ခ
ကရင်ရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသားတွေကို သတ်ဖြတ်နေခြင်းသည် နယ်မြေ စိုးမိုးလိုခြင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အာရုံမစိုက်နိုင်အောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး...

ကရင်ရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသားတွေကို သတ်ဖြတ်နေခြင်းသည် နယ်မြေ စိုးမိုးလိုခြင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အာရုံမစိုက်နိုင်အောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။

ယခုလ ၁၇ ရက်နေ့က ပဲခူးတိုင်းအရှေ့ပိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင်းရှိ ခဲဒဲကျေးရွာတွင် စစ်ကြောင်း ကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက်ခံတပ်ရင်း ခမရ ၃၆၇ မှ  နေအိမ် ၁၃ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၂ ဦးကို ပစ်သတ်ခဲ့သည့်လုပ်ရပ်ကို KNU က သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

“KNU ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတယ်။ မဖြစ်အောင်လည်း ကြိုးစားလုပ်ဆောင်ဖို့အတွက် ကျနော်တို့မှာ တာဝန်ရှိတယ်။ သူတို့ (နအဖ) ကလည်း အဲလိုမျိုး မလုပ်နိုင်အောင် လူထုပြဿနာတွေနဲ့ပဲ အလုပ်ရှုပ်နေအောင် လုပ်တဲ့သဘောပဲ” ဟု KNU အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက မဇ္စျိမကို ပြောသည်။

ခဲဒဲရွာ အပါအဝင် ခေါ်တော့ခီး၊ တီကော့ဒဲ၊ သောဝါးဒဲ၊ ခေါ်ထာ့၊ လယ်တော်လု၊ ဒေးဘော်ခီး၊ မူခီး၊ ထီးကော်ခီး၊ ခိုးလု စသည့် ကျေးရွာ ၁ဝ ရွာမှ ကရင်ရွာသား တထောင်ကျော်သည် တောထဲ၌ ပုန်းအောင်းနေရသည်ဟု သူက ပြောဆိုသည်။

ညောင်လေးပင်ခရိုင်တွင်းမှ ကရင်ဒုက္ခသည်များမှာ တောတောင်များထဲတွင် ပြန့်ကျဲပုန်းအောင်းနေပြီး ထွက်ပြေးကြစဉ်က အဝတ်တထည် ကိုယ်တခုနှင့်သာ ဖြစ်သောကြောင့် အခက်အခဲများရှိကြောင်း ယင်းနယ်မြေအတွင်း လှုပ်ရှားကူညီနေသော Free Burma Ranger (FBR) အဖွဲ့က ပြောသည်။  

“နေရေး၊ စားရေးနဲ့ ကျန်းမာရေးကတော့ တော်တော်ဆိုးတယ်။ အခု FBR (Free Burma Ranger) က ကူညီတာလောက်ပဲ ရှိတယ်။ ဒါပေမဲ့ အဲဒီလောက်အရေအတွက်နဲ့ဆိုတော့ အကူအညီက ဆင့်ပါးစပ်နဲ့ နှမ်းစေ့လောက်ပဲ ရမှာပေါ့” ဟု FBR မှ အဖွဲ့ဝင် ကိုဘောဖိုးက မဇ္စျိမကို ပြောသည်။  

ယခု ရွာပုန်းရွာရှောင် ကရင်ဒုက္ခသည်များကို FBR နှင့်အတူ ပူးပေါင်းကူညီသွားမည်ဖြစ်ပြီး အိမ်မီးရှို့ခံရသူများကို ဦးစားပေးသွားမည်ဟု ကရင်ဒုက္ခသည်များအရေး ဆောင်ရွက်ပေးသည့် THE COMMITTEE FOR INTERNALLY DISPLACED KAREN PEOPLE (CIDKP) မှ အဖွဲ့ဝင် စောစတိဗ်က မဇ္စျိမကို ပြောသည်။

ညောင်လေးပင်ခရိုင်အတွင်းရှိ ယင်းဒေသများတွင် စစ်အစိုးရတပ်များ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် - DKBA နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA တပ်များ လှုပ်ရှားနေပြီး စစ်အစိုးတပ်များက ကျေးရွာများသို့့ မကြာခဏ ဝင်ရောက်ကာ အနိုင်ကျင့်လေ့ရှိကြောင်း KNU က ပြောသည်။

ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားရာ အဆိုပါ ခရိုင်အတွင်းမှ ကျောက်ကြီးမြို့နယ်၌ ခမရ ၃၆၃ နှင့် ၃၆၇ တို့ လှုပ်ရှားနေပြီး၊ မုန်းမြို့နယ်တဝိုက်တွင် ခမရ ၃၇ဝ နှင့် ၃၆၅ တို့ လှုပ်ရှားနေကြကြောင်း သိရသည်။  

ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းကလည်း နအဖနှင့် DKBA တို့၏ ပူးတွဲထိုးစစ်ကြောင့် KNU တပ်မဟာ ရ နယ်မြေ ဘားအံခရိုင်အတွင်းမှ စစ်ပြေးဒုက္ခသည် ၄ဝဝဝ ခန့် ထွက်ပြေးလာပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မဲ့သရီ၊ သလေထာ့၊ အူသူးထ၊ နို့ဘိုး စသည့် ယာယီစခန်းများ၌ ခိုလှုံနေကြရသည်။