နာရေးအသင်းက နိဗ္ဗာန်ယာဉ် ထိန်းသိမ်းရေးဌာန တည်ဆောက်မည်ဟု သိရသည်

နာရေးအသင်းက နိဗ္ဗာန်ယာဉ် ထိန်းသိမ်းရေးဌာန တည်ဆောက်မည်ဟု သိရသည်
by -
ကျော်ခ
ရုပ်ရှင်မင်းသား ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်းက အသင်းပိုင် နိဗ္ဗာန်ယာဉ်များအတွက် ပြုပြင်ထိန်းသိမ်းရေးဌာန (Car Service Centre) တခု တည်ဆောက်မည်ဟု...

ရုပ်ရှင်မင်းသား ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်းက အသင်းပိုင် နိဗ္ဗာန်ယာဉ်များအတွက် ပြုပြင်ထိန်းသိမ်းရေးဌာန (Car Service Centre) တခု တည်ဆောက်မည်ဟု ဆိုသည်။   

အသင်း စတင်တည်ထောင်စဉ် ၂၀၀၁ ခုနှစ်မှ စတင်၍ နိဗ္ဗာန်ယာဉ်များ၏ ပြုပြင်ရေးအတွက် ပြင်ပ ဆိုင်များတွင်သာ အပ်နှံခဲ့သော်လည်း နိဗ္ဗာန်ယာဉ်များ လာပြင်သည့် ကားပြင်ဆိုင်များကို အခြားကားများ လာရောက်အပ်နှံခြင်း မပြုကြသဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌက ပြောဆိုခြင်း ဖြစ်သည်။   

“နိဗ္ဗာန်ယာဉ်တွေ လာပြင်တဲ့ ဝပ်ရှော့ကို တချို့ကားပိုင်ရှင်တွေက မကြိုက်ဘူး။ ကျနော်တို့က လမ်းကြောင်းတခု သွားပြီးတိုင်း ဒီအနံ့အသက်တွေကို ပိုးသတ်ဆေးနဲ့သွားပြီး နေ့တိုင်း ဆေးရမှာကိုး။ အဲဒီလို ဖြစ်တော့ ကားရေးဆေးဆိုင်တွေ၊ ပြင်ဆိုင်တွေကို ငဲ့ပြီးတော့ ကိုယ့်ဘာသာကိုယ် လုပ်လိုက်တဲ့ သဘောပါ” ဟု အသင်းဥက္ကဋ္ဌ ဦးကျော်သူက မဇ္စျိမကို ပြောသည်။   

အသင်းပိုင် နိဗ္ဗာန်ယာဉ် ၁၇ စီးအတွက်သာ ရည်ရွယ်သည့် ဌာနအသစ် အဆောက်အဦး ဆောက်လုပ်ခွင့် ရရှိပြီဖြစ်ပြီး မြောက်ဒဂုံရှိ နာရေးကူညီမှုအသင်း ခြံဝင်းအတွင်း၌ပင် တည်ဆောက်မည်ဖြစ်သည်။   

နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် နှစ်ဆန်းပိုင်းက တည်ထောင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလလယ်အထိ သံဃာတော်နှင့် လူပုဂ္ဂိုလ်တို့၏ ရုပ်အလောင်းများအား အခမဲ့ သဂြိင်္ုဟ်ပေးခဲ့သည်မှာ ရုပ်ကလာပ်ပေါင်း ၈၃၁၃၆ ရှိခဲ့ပြီ ဖြစ်သည်။   

တိုးချဲ့ဖွင့်လှစ်ခဲ့သည့် သုခကုသိုလ်ဖြစ် ဆေးခန်းတွင် စေတနာ့ဝန်ထမ်း ဆရာဝန် ၄၀ ဦးဖြင့် တနေ့လျှင် လူနာ ၂၀၀ ဦးခန့် ကုသပေးနေလျက်ရှိသည်။ သုခ သွေးလှူရှင်အသင်းကိုလည်း နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သည်။   နိဗ္ဗာန်ယာဉ် ၁၇ စီးအနက် ၁၅ စီးမှာ ပုံစံတူများဖြစ်ပြီး သံဃာတော်များနှင့် ကလေးငယ်များ အတွက်မူ ယာဉ် ၂ စီး သီးသန့်ထားရှိကြောင်း ဦးကျော်သူက ပြောသည်။  

ကားပြုပြင်ထိန်းသိမ်းရေး အဆောက်အဦး အပါအဝင် သုခဆေးခန်းမှ လူနာနားနေဆောင်၊ နာရေး ကူညီမှုရုံးခန်းနှင့် ဓာတ်မှန်ရိုက်ခန်းများကိုပါ မြောက်ဒဂုံခြံဝန်းထဲ၌ ဆောက်လုပ်သွားမည်ဖြစ်သည်။   

အသစ်ဆောက်မည့် ဓာတ်မှန်ရိုက်ခန်းအတွက် မကြာသေးမီက ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း SSC ၌ ဆေးလွဲမှား ကုသမှုကြောင့် ကွယ်လွန်သွားရသည့် မခိုင်ရွှန်းလဲ့ရည်၏ မိဘများက ကျပ်သိန်း ၁၅၀ လှူဒါန်းခဲ့ကြောင်း သိရသည်။   

မြန်မာနိုင်ငံတွင် နာရေးကူညီမှုအသင်းပေါင်း ၈၀ ကျော်ရှိပြီး ကိုယ်တိုင် သွားရောက်ဖွင့်လှစ်ပေးခဲ့သည့် အသင်းပေါင်း ၅၀ ခန့် ရှိသည်ဟု ဦးကျော်သူက ဆိုသည်။   တနေ့လျှင် ရုပ်အလောင်း ၅၀ ခန့် အခမဲ့ သဂြိင်္ုဟ်ပေးနေသည့် နာရေးကူညီမှုအသင်းနှင့် ကုသိုလ်ဖြစ် သုခဆေးခန်းတွင် ရေနှင့် လျှပ်စစ်မီး လုံလောက်မှု မရှိကြောင်း သိရသည်။   

“အစိုးရရေ မရဘူး။ အဝီစိရေပဲ သုံးနေရတယ်။ မီးကလည်း တလိုင်းပဲ ရတယ်။ ပုံမှန်မလာတော့ လူနာတွေ အရေးပေါ် Operation (ခွဲစိတ်ကုသ) ဝင်တဲ့အခါ အခက်အခဲဖြစ်တာပေါ့နော” ဟု ဦးကျော်သူက ပြောသည်။   

နာရေးကူညီမှုအသင်းအား ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မာ့ဝိဟာရ ဘုန်းကြီးကျောင်းဝင်းအတွင်း ရုံးခန်းဖွင့်လှစ်ခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) တွင် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် မေတ္တာသုတ်ရွတ် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များကို ဟာသသရုပ်ဆောင် ကိုဇာဂနာနှင့်အတူ ဆွမ်းကပ်လှူဒါန်းခဲ့ပြီးနောက်ပိုင်း သရုပ်ဆောင်မှု အပါအဝင် ဦးကျော်သူနှင့် ဆက်စပ်သော အနုပညာ လုပ်ငန်းများကို စစ်အစိုးရက ပိတ်ပင်ခဲ့သည်။   

Most read this week