ဦးဝင်းတင် ရန်ကုန်ပြန်ရောက်

ဦးဝင်းတင် ရန်ကုန်ပြန်ရောက်
by -
ကျော်ခ
ဆယ်စုနှစ် ၂ ခုနီးပါး အကျဉ်းကျခဲ့ရာမှ ပြန်လွတ်လာပြီးနောက် နယ်သို့ ပထမဆုံး အကြိမ် ခရီးထွက်သွားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝင်းတင်သည်  ယနေ့တွင် ရန်ကုန်သို့...

ဆယ်စုနှစ် ၂ ခုနီးပါး အကျဉ်းကျခဲ့ရာမှ ပြန်လွတ်လာပြီးနောက် နယ်သို့ ပထမဆုံး အကြိမ် ခရီးထွက်သွားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝင်းတင်သည်  ယနေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ပြီ ဖြစ်သည်။

၃ ရက်ကြာ မန္တလေး-မေမြို့ ခရီးစဉ်တွင် မန္တလေးတိုင်း မြို့နယ် ၃၀ မှ ပါတီဝင်များကို ပါတီ ဗဟိုအလုပ်အမှုဆောင် တိုးချဲ့ပြင်ဆင်ခြင်းနှင့် ရွှေဂုံတိုင်စာတမ်း ရပ်တည်ချက် တို့ကို အလေးထား ရှင်းပြခဲ့ကြောင်း သိရသည်။

“စီအီးစီ ခေါင်းဆောင်မှု တိုးချဲ့တဲ့အခါမှာ အားလုံးရဲ့ သဘောတူညီနဲ့ဆိုတာကို ရှင်းပြခဲ့တယ်။ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ရွှေဂုံတိုင်ကြေညာစာတမ်း အပေါ်မှာပဲ ရပ်တည်တယ်။ အဲဒီအတိုင်းပဲ ရပ်တည်ဖို့ရာ ကျနော် တိုက်တွန်းခဲ့တယ်”  ဟု အသက် ၈၀ နှစ်အရွယ် ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။

ထောင်ကထွက်ပြီး တနှစ်နှင့် ၄ လခန့်အတွင်း ခရီးဝေးအဖြစ် မန္တလေးမြို့သို့ ယခုလ ၁၉ ရက်နေ့တွင် လူထုဦးလှ နှစ်တရာပြည့် အခမ်းအနားသို့ သွားရောက်မှုဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

ဦးဝင်းတင် (တွဲဘက်သဘာပတိ) နှင့်အတူ ဦးအုန်းကြိုင် (အန်အယ်ဒီဗဟိုအလုပ်အမှုဆောင်)၊ ကဗျာဆရာ ဖျာပုံနီလုံဦး (ခ) ဦးအောင်မြင့် (ဗဟန်းမြို့နယ်ဥက္ကဋ္ဌ) နှင့် စာရေးဆရာ မုံရွာအောင်ရှင် (စစ်ကိုင်းတိုင်း တိုင်းစည်းရုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ) တို့လည်း လိုက်ပါသွားကြသည်။

ခရီးစဉ်သည် အဓိကအားဖြင့် လူထုဦးလှ (ကွယ်လွန်) နှစ် ၁ဝဝ ပြည့် အခန်းအနားသို့ တက်ရောက်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာဆရာဟောင်းဖြစ်သူ ဦးဝင်းတင်က ပြောသည်။

ထိုမှတဆင့် ၂ဝ-၂၁ ရက်နေ့တို့တွင် မန္တလေးနှင့် မေမြို့၌ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မန္တလေးရှိ နိုင်ငံရေးအကျဉ်းသား မိသားစုများကိုလည်း တွေ့ဆုံအားပေး ခဲ့ကြောင်း သိရသည်။

“ထူးထူးခြားခြား သဘောထားကွဲလွဲတဲ့ ဆွေးနွေးချက်တွေ တခုမှ မတွေ့ခဲ့ရဘူး။ သူတို့အဓိကထားပြီး တိုက်တွန်းချက်ကတော့ ညီညီညွတ်ညွတ် လုပ်ကြဖို့နဲ့ အများဆန္ဒနဲ့ လုပ်နိုင်အောင်နဲ့ ဒီလောက်ပါပဲ” ဟု ဦးဝင်းတင်က ဆက်ပြောသည်။

ဆွေးနွေးပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ ရုံးချုပ်ရှိ စီအီးစီ အစည်းအဝေးတွင် ပြန်လည်တင်ပြသွားမည်ဟုလည်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူလည်းဖြစ်သည့် ဦးဝင်းတင်သည် ၁၉၈၈ ခု ဒီမိုကရေစီရေးလှုပ်ရှားမှု၌ ပါဝင်ခဲ့သဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံရပြီး ၁၉ နှစ်ကျော် အကျဉ်းကျခံခဲ့ရသည်။  ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

၁၃ နှစ်အရွယ်မှစ၍ သတင်းစာလောကသို့ ဝင်ရောက်ခဲ့သော ဦးဝင်းတင်သည် ထောင်တွင်း၌ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး စာတမ်းများ၊ နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှုများ၊ ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စာတမ်းများကို ရေးသားခဲ့သည်။

သူသည် UNESCO ၏ Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးဆု (Guillermo Cano World Press Freedom Prize)၊ ကမ္ဘာ့သတင်းစာများအသင်း၏ လွတ်လပ်ရေးအတွက် ရွှေကလောင်ဆု (Newspapers' Golden Pen of Freedom)၊ နယ်စည်းမခြား သတင်းထောက်များဆု (Winner of Reporters Without Border) စသည့်များ ချီးမြှင့်ခံခဲ့သည်။

Most read this week