ရွှေလီ (မဇ္စျိမ) ။ ။ ကချင်ပြည်နယ်ရှိ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသည့် ကချင်လက်နက်ကိုင် အဖွဲ့တဖွဲ့မှ နာယက တဦးကို မူးယစ်ရဲအရာရှိက ယခုလ ၁၆ ရက်နေ့တွင် ရိုက်နှက်မှု ဖြစ်ပွားခဲ့ရာ ယခုအခါ နှစ်ဖက်ညှိနှိုင်း၍ ကြေအေးခဲ့ကြပြီ ဖြစ်သည်။
ဦးလဆန်အောင်ဝါအဖွဲ့မှ နာယကတဦးဖြစ်သူ ဦးအူဒီနော်ထွဲကို မူးယစ်ရဲအရာရှိက ရိုက်နှက်သဖြင့် မျက်စိ၌ ဒဏ်ရာရခဲ့သော်လည်း ၂ ရက်အကြာတွင် မူးယစ်ရဲတပ်ဖွဲ့က လာရောက်တောင်းပန်ရာမှ ပြေလည်မှု ရရှိသွားခြင်း ဖြစ်သည်။
“ကျနော်တို့ ရုံးကလူကြီးတွေ ညှိနှိုင်းကြတယ်။ ဒီကိစ္စ ပြေလည်ရာ ပြေလည်ကြောင်း လုပ်ရအောင်ဆိုတော့ ပြေပြေလည်လည် ညှိနိူင်းပြီးတော့ အားလုံး အဆင်ပြေသွားပါပြီ။ သူတို့အနေနဲ့ကလည်း မှားမိပါတယ် ဆိုပြီးတော့ တောင်းပန်ပါတယ်။ လူကြီးမှန်းမသိလို့ လုပ်မိပါတယ်၊ နောက် ဒီလိုမဖြစ်အောင် ကတိပေးပြီး တောင်းပန်တယ်။ သက်ဆိုင်ရာ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြံုရေးတပ်ဖွဲ့) ကလည်း နောင် ဒီလိုမဖြစ်အောင် ဆုံးမပေးပါမယ်ဆိုတော့ အပြန်အလှန် ကြေအေးမှု ရှိတယ်ပေါ့” ဟု ကာယကံရှင် ဦးအူဒီနော်ထွဲက မဇ္စျိမကို ပြောသည်။
ဦးအူဒီနော်ထွဲတို့ အဖွဲ့ဝင်လူကြီးတဦး ပိုင်ဆိုင်သည့် မြစ်ကြီးနားမြို့ ပြန်လည်နေရာချထားရေး - ပလန ရပ်ကွက်ရှိ နေအိမ်ထဲသို့ ယခုလ ၁၆ ရက်နေ့ ညနေပိုင်းတွင် မူးယစ်ရဲအရာရှိ ဦးဖုန်းနိုင်နှင့် အဖွဲ့က ဝင်ရောက်လာကာ သူနှင့် မောင်ဇော်မိုင်ဆိုသူ လူငယ်ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်ဟု သိရသည်။
“အိမ်ထဲ ဝင်ရိုက်တာပါ။ ရိုက်တာက အထူးမူးယစ်အဖွဲ့ကပါ။ ကျနော့်ကိုတော့ လက်နဲ့ရိုက်ပါတယ်။ ကလေးကိုကျ ဒုတ်နဲ့ပေါ့။ ဒဏ်ရာအများကြီးရတယ်။ ကျနော်လည်း အဖွဲ့အစည်းက လူကြီးဆိုတော့ အဲဒီနေ့က စီးပွားရေးကိစ္စနဲ့ လူကြီးတွေလာတယ်။ သူတို့က မူးယစ်ဆေးဝါး ရှိတယ်လို့ ထင်သလားမသိဘူး၊ သံသယရှိလို့ပေါ့။ အဲဒီကနေ ဖြစ်သွားတာပါ” ဟု ဦးအူဒီနော်ထွဲက ပြောသည်။
ယခုအခါ နှစ်ဖက်ပြေလည်မှု ရရှိပြီဖြစ်သဖြင့် ရဲစခန်းသို့ တိုင်ကြားရန် မလိုအပ်တော့သော်လည်း အရိုက်ခံရသည့် ဒဏ်ရာများ ပျောက်ကင်းခြင်း မရှိသေးကြောင်း သူက ဆိုသည်။
“ကျနော်က မျက်စိမှာ ထိတာပါ။ အခုတော့ နည်းနည်း သက်သာပါပြီ။ အတွင်းအောင့်နေသေးတာပေါ့နော်။ အတွင်းဒဏ်ရာ နည်းနည်း ထိသွားတယ်။ အပြင်ဒဏ်ရာကလည်း အခုထိ မပျောက်သေးပါဘူး။ နာနေတုန်းပါ။ ဆေးဖိုးဝါးခ တာဝန်ယူပြီး ကုပေးတာတော့ မရှိပါဘူး” ဟု သူက ပြောဆိုသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လဝါးယန်ကျေးရွာရှိ ဦးလဆန်အောင်ဝါ ဦးဆောင်သော ကချင်အမျိုးသားလွတ်မြောက်ရေး -KIA မှ ခွဲထွက်အဖွဲ့သည် ပြည်သူ့စစ်အဖြစ် မြန်မာစစ်တပ် အစီအမံအတိုင်း အသွင်ပြောင်းခဲ့သည်။
ဦးလဆန်အောင်ဝါ အဖွဲ့သည် ၂ဝဝ၄ ခုနှစ်အတွင်းက KIA မှ ခွဲထွက်ခဲ့ပြီးနောက် စစ်အစိုးရက ဝိုင်းမော်မြို့နယ် ဂွေထော်နဲ့ လဝါးယန် ဒေသများတွင် နေရာချပေးခဲ့ကြောင်းနှင့် တပ်ဖွဲ့ဝင်အင်အားမှာ ၃ဝဝ ဝန်းကျင်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် အပစ်ရပ် ကချင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ တည်ရှိရာ ဦးစခုံတိန်ယိင်း ဦးဆောင်သော ကချင် ဒီမိုကရေစီသစ် တပ်မတော် NDA-K သည် စစ်အစိုးရက တောင်းဆိုထားသည့် နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းရန် သဘောတူခဲ့ပြီး KIA ခွဲထွက်အဖွဲ့မှာ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခြင်း ဖြစ်သည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)