လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခြင်းသည် ခွဲထွက်ခြင်းမဟုတ် ၁ဝ ကြိမ်မြောက် ညီလာခံ၌ RCSS ဥက္ကဌ ပြော

လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခြင်းသည် ခွဲထွက်ခြင်းမဟုတ် ၁ဝ ကြိမ်မြောက် ညီလာခံ၌ RCSS ဥက္ကဌ ပြော
သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ၁ဝ ကြိမ်မြောက် ညီလာခံ၌ ‘အမျိုးသားရေးအတွက်၊ တန်းတူ အခွင့်အရေး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခြင်းသည် ခွဲထွက်ရေးသမား မဟုတ်’ ...

သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ၁ဝ ကြိမ်မြောက် ညီလာခံ၌ ‘အမျိုးသားရေးအတွက်၊ တန်းတူ အခွင့်အရေး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခြင်းသည် ခွဲထွက်ရေးသမား မဟုတ်’ ဟု သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ညီလာခံ တက်ရောက်သူ အကြံပေး ပုဂ္ဂိုလ်တဦးက-“စဝ်ယွက်စစ် ဆိုလိုတာက ‘မိမိပြည်ထောင်/လူမျိုး လွတ်လပ်ပြီး တန်းတူ အခွင့်အရေး အပြည့်အဝရရှိမှ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ’ - သီးခြားစီ အရင်လွတ်လပ်ဖို့က အရေးကြီးတယ်၊ မျှတတန်းတူ လွတ်လပ်မှုရှိမှ ပူးပေါင်းနိုင်တယ်။ အခြား မဟာမိတ် အဖွဲ့အစည်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ အထူး သဖြင့် ခွဲထွက်မှုကို အားမပေးတဲ့ တရုတ်ပြည်လို အင်အားကြီးနိုင်ငံက ပိုမို နားလည်လာစေဖို့ ဖြစ်တယ်” - ဟု ဆို၏။

၁ဝ ကြိမ်မြောက်ညီလာခံ ၌ RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် Photo: Arntai (SHAN)ဇန္နဝါရီ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ၁ဝ ကြိမ် မြောက် ညီလာခံ တက်ရောက်သူ ၂၈၆ ယောက်ရှိပြီး - ဌာနဆိုင်ရာများ၏ နှစ်ချုပ် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြ ဆွေးနွေး သုံးသပ်ခြင်း၊ တာဝန်အသစ် ခန့်ထားခြင်း၊ ရာထူးတိုးခြင်းတို့ ြုပလုပ်ခဲ့သည်။ ထို့အတူ အရည်အချင်းနှင့် လူသူ လက်နက် အင်အားအရ ဗိုလ်မှူးကြီး ယွက်စစ်အားလည်း ဒု-ဗိုလ်ချုပ်ကြီး ရာထူးအဆင့် တိုးမြှင့် အပ်နှင်းခဲ့သည်ဟု သိရပါသည်။

အရည်အချင်း နှင့် လူသူလက်နက် အင်အားအရ ရာထူးတိုးဖို့ရန် အချိန်တန်ပြီ ဖြစ်ကြောင်း လွန်ခဲ့သည့် ၄ နှစ်မှစ၍ နှစ်ပတ် လည် အစည်းအဝေးတိုင်း တင်ပြ ဆွေးနွေးခဲ့ကြသော်လည်း ဗိုလ်မှူးကြီး ယွက်စစ်က လက်မခံကြောင်း၊  ယခု အစည်းအဝေး မှသာ ရှောင်လွဲမရဘဲ လက်ခံလိုက်ရကြောင်း ညီလာခံ တက်ရောက်သူတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

“ဒု ဥက္ကဌ ဗိုလ်ချုပ် စိုင်းယီက ‘ခွန်ဆာဦးဆောင်တဲ့ MTA ပြိုကွဲသွားပြီးနောက်ပိုင်း တစုတစည်းထဲ ပြန်ဖြစ်လာအောင် ဥက္ကဌကြီး စွမ်းဆောင်နိုင်ခဲ့တယ်။ အခုထိုင်းနယ်စပ်မှာ ဗဟိုဌာနချုပ်ပြန်စိုက်နိုင်တဲ့ အစွမ်းအစကလဲ မလွယ်ဘူး၊ အဲဒါကြောင့် ဥက္ကဌ ရာထူးပြန်ရွေးရင် စဝ်ယွက်စစ်ကိုဘဲမဲပေးကြပါ’ လို့တောင်ကြိုတင်တိုက်တွန်းတယ်” - ဟု ညီလာခံသွားတက်သူ ချင်းမိုင်မှ သျှမ်းလူငယ်တဦး ကပြောပါသည်။

ဇန္နဝါရီ ၁၇ ရက်နေ့တွင် သက်တမ်းစေ့ ဥက္ကဌနေရာအား လျှို့ဝှက်မဲပေးစနစ်ဖြင့် ဥက္ကသစ်ပြန်လည် ရွေးကောက်ရာ မဲပေးသူ  ၂၄၃ ယောက် အနက် ၂၁၈ မဲက စဝ်ယွက်စစ်ကိုပင် မဲပေးသဖြင့် RCSS ၏ ၄ နှစ်သက်တမ်းဥက္ကဌသစ်တာဝန် ဆက်ယူသွား ရမည်ဖြစ်သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ရာထူးကို ဒီမိုကရေစီနည်းဖြင့် ၄ နှစ် တကြိမ် (ယခင် ၂ နှစ် တကြိမ်) အသစ်တဖန်ပြန်လည်ရွေးချယ်တင်မြောက်ကြောင်း၊ ယခုညီလာခံတွင် အခြားပါဝင်ယှဉ်ပြိုင်သူ ၉ ဦးအား ပေးသည့်မဲ က ၂၅ မဲ ဖြစ်ကြောင်း - သိရ၏။

အသစ်တဖန်ပြန်လည် အရွေးခံသည့် ထိပ်ပိုင်းခေါင်းဆောင်များမှာ - ဥက္ကဌ ဒု - ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒု ဥက္ကဌ - ၁ ဗိုလ်ချုပ်စိုင်းယီ၊ ဒု ဥက္ကဌ - ၂ ဗိုလ်မှူးကြီးခေးငင်း၊ အထွေထွေ အတွင်းရေးမှူး ဒု ဗိုလ်မှူးကြီးဆီရိ တို့ဖြစ်သည်။ ထို့အတူ အရာရှိငယ် ၁၅၃ ဦးအားလည်း ၁ဝ ကြိမ်မြောက်ညီလာခံမှ စစ်ရာထူးတိုးမြှင့်ပေးခဲ့သည်ဟု သိရပါသည်။

Most read this week