အန်အယ်ဒီက ဗဟိုဦးစီးအဖွဲ့ကိုလည်း ပြန်ဖွဲ့ရန် ပြင်ဆင်

အန်အယ်ဒီက ဗဟိုဦးစီးအဖွဲ့ကိုလည်း ပြန်ဖွဲ့ရန် ပြင်ဆင်
by -
မြင့်မောင်
ဗဟို အလုပ်မှုဆောင် အဖွဲ့ကို တိုးချဲ့လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နောက်ထပ် ခြေလှမ်းတရပ်အဖြစ် ၁၃ နှစ်ခန့် သက်ဝင်လှုပ်ရှားမှု မရှိတော့သည့် ပါတီ ဗဟိုဦးစီးအဖွဲ့ (CC) ကို ပြင်လည် ဖွဲ့စည်းသွားရန် ယမန်နေ့က...

ဗဟို အလုပ်မှုဆောင် အဖွဲ့ကို တိုးချဲ့လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နောက်ထပ် ခြေလှမ်းတရပ်အဖြစ် ၁၃ နှစ်ခန့် သက်ဝင်လှုပ်ရှားမှု မရှိတော့သည့် ပါတီ ဗဟိုဦးစီးအဖွဲ့ (CC) ကို ပြင်လည် ဖွဲ့စည်းသွားရန် ယမန်နေ့က ဆုံးဖြတ်လိုက်သည်။

ယမန်နေ့က ရန်ကုန်တိုင်း ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ဗဟို အလုပ်အမှုဆောင် ကော်မတီသစ် (CEC) အစည်းအဝေးက ရှေ့လုပ်ငန်းစဉ်အဖြစ် ဗဟိုဦးစီးအဖွဲ့သစ် (CC) ကို ပြင်လည် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ်များ အဆိုအရ သိရခြင်း ဖြစ်သည်။

“CC ပြန်ဖွဲ့တဲ့ သဘောကတော့ အဖွဲ့အစည်းတခုရဲ့ အင်အား ပိုပြီးတော့ ခိုင်မြဲအောင်၊ ပိုပြီးမြဲမြံအောင် လုပ်တဲ့ သဘောပါ။ ဒီလို CC ဖွဲ့တယ် ဆိုတာကလည်း အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဒီအလုပ် အဖွဲ့တွေဟာ ညီလာခံပုံသဏ္ဍာန်မျိုး၊ ကွန်ဂရက်လိုဟာမျိုး မလုပ်နိုင်ခင်မှာ CEC နဲ့ ပေါင်းပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့ ၁၉၈၈-၈၉ တုန်းက ထုတ်ထားတဲ့ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းအရ လုပ်တာ ဖြစ်တယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရနှင့် CEC အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

၁၉၉၀ ခုနှစ်အတွင်းမှ စတင်၍ တိုင်းနှင့် ပြည်နယ် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သည့် CC အဖွဲ့ဝင် ဦးရေသည် ၈၀ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အာဏာပိုင်များက အဆိုပါ အဖွဲ့ဝင် အများအပြားကို ဖမ်းဆီး ထိန်းသိမ်းခဲ့သဖြင့် ဖျက်သိမ်းခဲ့သည့် သဘောမျိုး ဖြစ်ခဲ့ရကြောင်း သိရသည်။

CEC အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က “ပြည်နယ်နဲ့ တိုင်းတွေရဲ့ သဘောထားကို အခြေခံပြီးတော့ ဖွဲ့စည်းသွားမှာ ဖြစ်တယ်။ ပြည်နယ်နဲ့ တိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီး ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဖွဲ့စည်းပုံအရ ဗဟိုဦးစီးအဖွဲ့ (CC) ကို လူဦးရေ ၈၀ မှ ၁၂၀ အထိ ဖွဲ့စည်းနိုင်တယ်” ဟု ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ၊ စည်းရုံးရေးတာဝန်ခံများအပြင် ပါတီကောင်းကျိုးအတွက် လုပ်ဆောင် နိုင်သည့် သာမန်ပါတီဝင်များကိုပါ ပြည်နယ်နှင့် တိုင်းများက ရွေးချယ်ကာ CC ကော်မတီတွင် ပါဝင်နိုင်ရေး အတွက် စေလွှတ်မည်ဖြစ်သည်။ သို့သော် ပြည်နယ်နှင့် တိုင်းများက CC ကိုယ်စားလှယ်အဖြစ် ဦးရေမည်မျှစီ စေလွှတ်ရမည်ကို သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။

ဒေါက်တာဝင်းနိုင်က “ပြည်နယ်နဲ့ တိုင်းက တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကို ဗဟိုကနေ စိစစ်ပြီးတော့ လုပ်သွားမှာ ဖြစ်တယ်။ အဲဒီနေရာမှာ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ချမှတ်ထားတဲ့ အခြေခံမူ ၃ ချက်နဲ့ ကိုက်ညီတဲ့သူတွေ ဖြစ်ရမယ်။ အဖွဲ့ချုပ်အပေါ် သစ္စာရှိတဲ့သူ၊ အရည်အချင်းရှိတဲ့သူ၊ အဖွဲ့ချုပ်နဲ့ စဉ်ဆက်မပြတ် လိုက်ပါဆောင်ရွက်နေတဲ့သူတွေ ဖြစ်ရမယ်ဆိုတဲ့ မူ ၃ ချက်နဲ့ ကိုက်ညီတဲ့ပုဂ္ဂိုလ်၊ ရွေးချယ်ပေးလိုက်သူတွေကို ဗဟိုက စိစစ်ပြီးတော့ လုပ်ဆောင်သွားဖို့ ရှိတယ်” ဟု ပြောသည်။

ဖွဲ့စည်းရေးနှင့် ပတ်သက်၍ တိုင်းနှင့် ပြည်နယ်များသို့ အကြောင်းကြားစာများ ပေးပို့သွားမည််ဖြစ်ပြီး၊ အမြန်ဆုံး ဖွဲ့စည်းနိုင်ရန် လုပ်ဆောင် သွားမည်ဟု သိရသည်။

ပါတီတွင်း ဗဟို CEC နှင့် CC ကို တိုးချဲ့ဖွဲ့စည်းသည့်အခါ ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်ရယူရန်  မလိုအပ်သော်လည်း အကြောင်းကြားရမည့် တာဝန်ရှိကြောင်း CEC အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောသည်။

“၉၀ ခုနှစ် ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားရတာတွေ ရှိတယ်။ ထုံစံအတိုင်း လုပ်ထုံး လုပ်နည်းအရ အကြောင်းကြားရတာပါ။ သူတို့ဆီက ခွင့်ပြုဖို့ အကြောင်းကြားတာ မဟုတ်ပါဘူး။ CC တိုးချဲ့ ဖွဲ့စည်းရင်လည်း အဖွဲ့တွင်း ကိစ္စဆိုတော့ ခွင့်ပြုချက်တောင်းဖို့ မလိုပါဘူး။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအရ ကိုယ့်ပါတီအတွင်းမှာ အားလုံး လုပ်ခွင့်ရှိတယ်။ ဗဟို အလုပ်အမှုဆောင် တိုးချဲ့တဲ့ ကိစ္စကိုတော့ ရွေးကောက်ပွဲကော်မရှင်ကို ပို့ဆောင်ရမှာ ဖြစ်တယ်” ဟု သူက ရှင်းပြသည်။

အဓိက အတိုက်အခံပါတီ၏ ထိပ်ဆုံးအဆင့် ခေါင်းဆောင်များဖြစ်သော CEC အဖွဲ့ဝင် ၁၁ ဦး ရှိခဲ့ရာမှ အဖွဲ့ဝင်သစ် ၉ ဦးကို ယခုလ ၁၄ ရက်နေ့တွင် ရွေးချယ်ကာ CEC ကို တိုးချဲ့ဖွဲ့စည်းခဲ့သေးသည်။ ယခုအခါ CEC အရေအတွက်မှာ ၂၀ ဖြစ်လာသည်။

အပတ်စဉ် ပြုလုပ်နေကျ CEC အစည်းအဝေးကို ယမန်နေ့က ကျင်းပခဲ့ရာ အသက်အရွယ်ကြီးရင့်နေသည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်တို့အပြင် အကျယ်ချုပ် ကျခံနေရသည့် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်နိုင်ခြင်း မရှိဘဲ ကျန်ရှိသည့် CEC အဖွဲ့ဝင် ၁၆ ဦး တက်ရောက်နိုင်ခဲ့သည်။