ဦးဝင်းတင် မန္တလေးသို့ ခရီးထွက်

ဦးဝင်းတင် မန္တလေးသို့ ခရီးထွက်
by -
ခိုင်စု
အာဏာပိုင်များ၏ မျက်ခြေမပြတ် စောင့်ကြည့်ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်သည် နိုင်ငံ့အလယ်ပိုင်းရှိ မန္တလေးမြို့သို့ ယမန်နေ့မှ...

အာဏာပိုင်များ၏ မျက်ခြေမပြတ် စောင့်ကြည့်ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်သည် နိုင်ငံ့အလယ်ပိုင်းရှိ မန္တလေးမြို့သို့ ယမန်နေ့မှ စတင်၍ ခရီးထွက်လာသည်။

၁၉ နှစ်ကျော် အကျဉ်းကျခဲ့ရာမှ ပြန်လွတ်လာပြီးနောက် တနှစ်နှင့် ၄ လခန့်အတွင်း သွားလေရာနောက်သို့ အာဏာပိုင်များက သတိကြီးစွာ စောင့်ကြည့်နေခဲ့ရာမှ ယခုအခါ ရန်ကုန်မြောက်ပိုင်း ၄၃ဝ ခန့်မိုင်အကွာရှိ မန္တလေးသို့ ထွက်ခွာလာခြင်း ဖြစ်သည်။

“ဦးဝင်တင်ကို အာဏာပိုင်တွေက အရင်ကတည်းက ခရီးထွက်ခွင့် ပိတ်ထားတယ်ဆိုပြီး တားမြစ်ထားတာ မရှိဘူး။ ထောင်က ထွက်ကတည်းက မှတ်ပုံတင် ထုတ်မပေးတာ။ မှတ်ပုံတင်မရှိရင် ခရီးသွားလို့ မရဘူးလေ။ မှတ်ပုံတင်နဲ့ ကားလက်မှတ် ဝယ်ရတယ်၊ ဧည့်စာရင်း တိုင်ရတယ်။ လွန်ခဲ့တဲ့ ၂ လလောက်က ဦးဝင်းတင်ကို မှတ်ပုံတင်ထုတ် ပေးလိုက်တယ်။ မှတ်ပုံတင်ရှိရင် ခရီးသွားလို့ရပြီလို့ ယူဆလို့ရတာပဲလေ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

မှတ်ပုံတင်ရပြီးနောက် နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရသဖြင့် ကျန်းမာရေး အခြေအေနေအရ ခရီးမထွက်နိုင်ဘဲ ယခုမှ စတင်၍ ရန်ကုန်ပြင်ပ ခရီးရှည်ထွက်ခြင်း ဖြစ်သည်။

ယမန်နေ့ ညနေတွင် စတင်မည့် ခရီးစဉ်အတွက် ဘတ်စ်ကားလက်မှတ် ဝယ်ယူရာနှင့် ခရီးတလျှောက်၌ အနှောင့်အယှက် တစုံတရာ မရှိဘဲ မန္တလေးသို့ ယနေ့နံနက်ပိုင်းတွင် ရောက်လာခဲ့သည်။

ယနေ့ ကျင်းပသော နိုင်ငံကျော် သတင်းစာဆရာကြီး လူထုဦးလှ (ကွယ်လွန်) နှစ် ၁၀၀ ပြည့် အခန်းအနားသို့ တက်ရောက်ရန် ဦးဝင်းတင်နှင့်အတူ ဦးအုန်းကြိုင် (အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်ဝင်)၊ ကဗျာဆရာ ဖျာပုံနီလုံဦး (ခေါ်) ဦးအောင်မြင့်နှင့် စာရေးဆရာ မုံရွာအောင်ရှင်တို့လည်း လိုက်ပါလာကြသည်။

သတင်းစာဆရာကြီးသည် မန္တလေး ဟံသာဝတီ သတင်းစာတိုက်တွင် အယ်တာချုပ်အဖြစ် ၁ဝ နှစ်ကျော် တာဝန်ယူခဲ့သူဖြစ်သည်။

ယနေ့နံနက်တွင် လူထုဦးလှ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် မိိတ်ဆွေများထံ သွားရောက် လည်ပတ်ခဲ့ကာ၊ အမရပူရ (တောင်မြို့) ရှိ တောင်လေးလုံး ဆရာတော် ဦးပညာကို သွားရောက် ဖူးမြော်ခဲ့သည်။ မနက်ဖြန်တွင် မန္တလေးတိုင်း မေမြို့ (ပြင်ဦးလွင်) ရှိ  ဒေါ်အမာတိုက်သို့ သွားရောက် လည်ပတ်မည်ဖြစ်ကာ၊ ရန်ကုန်သို့ မည်သည့်နေ့ရက်တွင် ပြန်ဖြစ်မည်ကို မသိသေးကြောင်း ဦးအုန်းကြိုင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူလည်းဖြစ်သည့် အသက် ၈၁ နှစ်အရွယ် ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှု၌ ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရ၏ ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံရပြီး ၁၉ နှစ်ကျော် အကျဉ်းကျခံခဲ့ရသည်။  ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

၁၃ နှစ်အရွယ်မှ စတင်၍ သတင်းစာလောကသို့ ဝင်ရောက်လာခဲ့သော ဦးဝင်းတင်သည် ထောင်တွင်း၌ တွေ့ဆုံဆွေးနွေး အဖြေရှာရေး စာတမ်းများ၊ နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုမှုများ၊ ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြသည့် စာတမ်းများ စသည်တို့ကို ရေးသားခဲ့သည်။

သူ့ကို UNESCO ၏ Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးဆု (Guillermo Cano World Press Freedom Prize) အပြင် ကမ္ဘာ့သတင်းစာများ အသင်း၏ လွတ်လပ်ရေးအတွက် ရွှေကလောင်ဆု (Newspapers' Golden Pen of Freedom), နယ်စည်းမခြား သတင်းထောက်များ ဆု (Winner of Reporters Without Border) များ ချီးမြှင့်ခဲ့သည်။