၂၀၁၀ ရွေးကောက်ပွဲ အောက်တိုဘာလတွင် ဖြစ်နိုင်ခြေရှိဟု အတိုက်အခံများပြော

၂၀၁၀ ရွေးကောက်ပွဲ အောက်တိုဘာလတွင် ဖြစ်နိုင်ခြေရှိဟု အတိုက်အခံများပြော
by -
မိကျလွန်းထော
၂၀၁၀ ရွေးကောက်ပွဲကို လာမည့်အောက်တိုဘာလတွင် ကျင်းပနိုင်ခြေ ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားနေသည့်အဖွဲ့များက...

၂၀၁၀ ရွေးကောက်ပွဲကို လာမည့်အောက်တိုဘာလတွင် ကျင်းပနိုင်ခြေ ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားနေသည့်အဖွဲ့များက ပြောပါသည်။

မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲကို လာမည့်အောက်တိုဘာလတွင် ပြုလုပ်မည်ဖြစ်ပြီး ဧပြီလတွင် ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်မည်ဟု ဂျပန်နိုင်ငံထုတ် အစာဟိရှင်ဘွန်း “asahi” သတင်းစာတွင် ဇန်နဝါရီလ ၉ ရက်နေ့၌ ထုတ်ပြန်ထားပါသည်။

၄င်းအစာဟိရှင်ဘွန်း သတင်းစာမှာ ဂျပန်နိုင်ငံတွင် အလွန်အရေးပါသော သတင်းစာတစ်ဆောင် ဖြစ်သည့်အတွက် ရွေးကောက်ပွဲသတင်းမှာ ဖြစ်နိုင်ခြေရှိသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးလိုလားသူများအဖွဲ့မှ ဦးဆောင်လှုပ်ရှားနေသည့် အရှင်သောပါက က ပြောသည်။

“အဲဒီသတင်းစာမှာ အဓိကတော့ ရွေးကောက်ပွဲကို လုပ်မယ့်အကြောင်းနဲ့ အဲဒီရွေးကောက်ပွဲမှာ NLD လည်း ပါဝင်လာအောင် စွမ်းဆောင်သွားမယ်လို့ ရေးသားထားတယ်၊ နအဖ စစ်အစိုးရနဲ့ ဂျပန်အစိုးရတို့က ဆက်ဆံရေး အလွန်ကောင်းမွန်နေတဲ့အတွက် အစည်းအဝေးလာတဲ့အချိန်မှာ ပြောမိသွားလို့ သတင်းစာဆရာ ရှင်ဖောက ရေးသားထားတာ ဖြစ်နိုင်ပါတယ်၊ ဒီစစ်အာဏာရှင်က လူတွေကို လိမ်ဖို့လှည့်ဖို့ရယ်၊ တစ်မ္ဘာလုံးကို အံ့သြစရာ ဖြစ်လာအောင် ရည်ရွယ်ချက်နဲ့ အမြဲတမ်းလုပ်နေတဲ့အတွက် မထင်မှတ်တဲ့အရာတွေလည်း ဖြစ်နိုင်သလို၊ အဲဒီသတင်းစာအတိုင်းလည်း ဖြစ်နိုင်တယ်လို့  မြင်ပါတယ်” ဟု ၄င်းသတင်းကို ဖတ်ကြားခဲ့ရသည့် အရှင် သောပါက က မိန့်သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ထားသည့်အတွက် စစ်အစိုးရပြုလုပ်မည့်  ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်မခံနိုင်ကြောင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းနိုင်ငံ၌ လှုပ်ရှားသည့်အဖွဲ့အစည်းမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးမြင့်ဝေ ကပြောသည်။

“စစ်အစိုးရက ရွေးကောက်ပွဲကို စစ်တပ်အာဏာနဲ့ လုပ်မယ်ဆိုရင် ကြိုက်တဲ့အချိန် သူတို့လုပ်နိုင်ပါတယ်၊ ဒါပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်ကိုလည်း မထုတ်ပြန်သေးဘူး၊ နိုင်ငံရေးပါတီတွေကလည်း စည်းရုံးရေးဆင်းဖို့ ပြင်ဆင်ခွင့်လည်း မရှိဘူး၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေလည်း ပြည်သူတွေ ဘယ်လောက်အထိလက်ခံလည်းဆိုတာကိုလည်း ပြည်သူတွေဘက်က ဆန္ဒဖော်ထုတ်ခွင့်မရှိတဲ့အပြင် အကြံပြုခွင့်၊ ပါဝင်ခွင့်လည်း မရှိကြဘူး၊ ဒါဟာ ပွင့်လင်းလွတ်လပ်တဲ့ ရွေးချယ်တင်မြှောက်ခြင်း လုံးဝမဖြစ်နိုင်ဘူးလို့ ကျွန်တော်မြင်ပါတယ်” ဟု ဦးမြင့်ဝေက ဆက်ပြောသည်။

NLD အပါအဝင် အတိုက်အခံပါတီအားလုံး၊ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သော ကိစ္စရပ်အားလုံး မပြီးပြတ်သေးပဲ ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်သွားမည်ဆိုရင် တရားမျှတမှုမရှိသော ရွေးကောက်ပွဲ မဟုတ်ပဲ အတင်းအကျပ်ပြုလုပ်သည့် ရွေးကောက်ပွဲဖြစ်လိမ့်မည်ဟု ထိုင်းနိုင်ငံ အခြေစိုက် Forum for Democracy မှ အထွေထွေအတွင်းရေးမှုး ကိုနိုင်အောင် က ပြောသည်။

“နအဖ အစိုးရက ရွေးကောက်ပွဲကို ဒီ ၂၀၁၀ မှာ လုပ်မယ်လို့ အကြိမ်ကြိမ်ပြောနေတဲ့အတွက် သူတို့အနေနဲ့ မဖြစ်မနေ ပြုလုပ်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံပြီး ဒီမိုကရေစီဖော်ဆောင်ရေး ဖြစ်နိုင်ဖို့အတွက် အားလုံးပါဝင် ပူးပေါင်းဆောင်ရွက်တဲ့ ရွေးကောက်ပွဲ မဖြစ်လာမှာကို စိုးရိမ်မိပါတယ်” ဟု ၄င်းက ပြောသည်။

၄င်းအပြင် NLD ရွှေဂုံတိုင်တင်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမှုမရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ဆွေးနွေးမှုမရှိလျှင် ၄င်း ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ပြုလုပ်နေခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲကို သပိတ်မှောက်ကျရန် တိုက်တွန်းထားသည်ဟု ကိုနိုင်အောင်က ဆက်ပြောသည်။

မြန်မာစစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိပါက လွန်ခဲ့သော ၂၁ နှစ်က မြန်မာနိုင်ငံအတွင်း ကြံု့တွေ့ခဲ့ရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အထွေအထွေအကျပ်အတည်းများ ဆက်လက်ပေါ်ပေါက်လာလိမ့်မည်ဟု နိုင်ငံရေးသမားများက လေ့လာသုံးသပ်ထားပါသည်။

Most read this week