စစ်အစိုးရအလိုကျ ဆောင်းပါးများ ဖော်ပြရန် ဂျာနယ်များကို ညွှန်ကြား

စစ်အစိုးရအလိုကျ ဆောင်းပါးများ ဖော်ပြရန် ဂျာနယ်များကို ညွှန်ကြား
by -
ဖနိဒါ
စာပေစိစစ်ရေးက ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်အချို့အား သတင်းတပုဒ်နှင့် ဆောင်းပါးတပုဒ်ကို ပြီးခဲ့သည့် ရက်ပတ်က  ဖိအားပေးကာ ထည့်ခိုင်းသည်ဟု ပြည်တွင်း...

စာပေစိစစ်ရေးက ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်အချို့အား သတင်းတပုဒ်နှင့် ဆောင်းပါးတပုဒ်ကို ပြီးခဲ့သည့် ရက်ပတ်က  ဖိအားပေးကာ ထည့်ခိုင်းသည်ဟု ပြည်တွင်း အယ်ဒီတာများက ပြောသည်။

ဂျော်ဒန်နိုင်ငံရောက် မြန်မာနှင့် ဘင်္ဂလားဒေ့ချ် လုပ်သားများအကြား အုပ်စုလိုက် ရန်ပွဲဖြစ်ပွားပြီးနောက် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ကြားဝင်ဖြေရှင်းပေးမှုဖြင့် ပြဿနာ ပြေလည် သွားစေခဲ့သည် ဆိုသော သတင်းနှင့် ပဲခူးတိုင်း သဲကုန်း မြို့နယ် အင်းမကျေးရွာမှ တပ်မ ၆၆ နှင့် စစ်ထောက်လှမ်းရေး အကြား ပြဿနာ ပေါ်ပေါက်မှု ကောလာဟလ မဟုတ်မှန်ဟူသော ဆောင်းပါးတို့ကို မထည့်မနေရ ထည့်သွင်း ဖော်ပြခိုင်းလာခြင်း ဖြစ်သည်။

“စာပေစိစစ်ရေးက သတင်းတပုဒ်နဲ့ ဆောင်းပါး တပုဒ် မထည့်မနေရ ထည့်ခိုင်းပါတယ်။ အားချင်း ထည့်ခိုင်းတဲ့ ဆောင်းပါးကတော့ ဘီဘီစီကို ပြန်တိုက်ခိုက်ရေးသားထားတဲ့ ဆောင်းပါးတပုဒ်ပဲ” ဟု ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

ကလောင်အမည် မန်းသာစိန် (ဖာပွန်) ဆို သူရေးသည့် “သွေးထိုးကုန်းချော လီဆယ်လုပ်ကြံ ထုတ်လွင့်သူများ သတိထား” ဟူသည့် ဆောင်းပါးကို ဖော်ပြခိုင်းခြင်းဖြစ်သည်ဟု သူက ပြောသည်။

“ဆန့်ကျင်ဘက်အုပ်စု” များက “တပ်မတော်ဖြိုခွဲရေး” ကို လုပ်ဆောင်နေခြင်းသာ ဖြစ်သည် ဟု ဆောင်းပါးတွင် ပါရှိသည်။

အလားတူပင် စာပေစိစစ်ရေးက ရေးသားခြင်းမပြုရန် ပိတ်ပင်ခဲ့သော သတင်းအကြောင်းအရာတခုကို မဖြစ်မနေ ဖော်ပြရန် ယခုအခါ ဖိအား ပေးလာပြန်သည်။

ယခုလအစောပိုင်းက Ar Ramtha မြို့ရှိ Century Miracle Ltd. ကုမ္ပဏီရှိ မြန်မာ အလုပ်သမတဦးနှင့် ဘင်္ဂလားဒေ့ချ် အလုပ်သမားတဦးတို့က စတင်သော ရန်ပွဲသည် အုပ်စုနှစ်ခုကြား ကြီးထွားခဲ့ရာ မြန်မာအမျိုးသမီး ၂၀ ခန့် ဒဏ်ရာရခဲ့သည်။

ထို့နောက် အသက် အာမခံကြေး အပါအဝင် လုပ်ငန်းခွင် လုံခြံုရေးအတွက် မြန်မာများက အလုပ်မဆင်းဘဲ ဆန္ဒပြရာ ၉ ရက်ကြာပြီးနောက် မြန်မာသံအမတ်က ကြားဝင်ဖြေရှင်းရာက ပြေလည်မှုရရှိခဲ့သည်။

အခင်းဖြစ်ပွားစဉ်က ဂျာနယ်အချို့က ရေးသားသော သတင်းကို ပြန်ကြားရေး ဝန်ကြိီးဌာန လက်အောက်ခံ စာပေစိစစ်ရေးက ပိတ်ပင်ခဲ့သည်။

“စာနယ်ဇင်း ကင်ပေတိုင်” အဖြစ် ပြည်တွင်း အယ်ဒီတာနှင့် သတင်းထောက်များက တင်စား ခေါ်ဝေါ်လေ့ ရှိသည့် စာပေစိစစ်ရေးက ဒီမိုကရေစီလိုလားသော စစ်အစိုးရ အတိုက်အခံများကို ပုတ်ခတ်ရေးသားသည့် သတင်းများ၊ ဆောင်းပါးများကို ဖိအားပေး ထည့်ခိုင်းလေ့ရှိပြီး၊ စစ်အစိုးရကို ဝေဖန်ရေးသားသည့်  သတင်းနှင့် ဆောင်းပါးများကိုမူ ဖြတ်တောက်ပစ်လေ့ရှိသည်။

ယခင် အကြီးအကဲများနှင့် နှိုင်းယှဉ်ကာ သဘောထားပျော့ပြောင်းသူဟု စာနယ်ဇင်းသမားအများစုက ပြောလေ့ရှိသူ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး  ဗိုလ်မှူး တင့်ဆွေကမူ ” မျက်မှောက် အချိန်အခါသည် နိုင်ငံအတွက် လုံးဝ ဥသ၁ုန် စာပေစာနယ်ဇင်း လွတ်လပ်မှု ဆိုသည်ထက် နိုင်ငံသားတိုင်း၏ တာဝန်သိတတ်မှု၊ နိုင်ငံကြိီးသားပီသသော စိတ်ထားရှိနိုင်မှုနှင့် ရင့်ကျက်တည်ငြိမ်မှုတို့က ဦးစွာ လိုအပ်မည်ဟု ထင်သည်” ဟု ဆောင်းပါးတပုဒ်တွင် ချေပထားသည်။