ယာယီပတ်စ်ပို့ ထုတ်ပေးမည့်ကာလ ၂ နှစ်ထပ်တိုး

ယာယီပတ်စ်ပို့ ထုတ်ပေးမည့်ကာလ ၂ နှစ်ထပ်တိုး
by -
ဆလိုင်း ဟံသာစန်း

မြန်မာရွှေ့ပြောင်းလုပ်သားများကို ယာယီပတ်စ်ပို့ ထုတ်ပေးမည့် ကာလကို ထိုင်းအစိုးရက ၂ နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား ကူညီပေးရေး အဖွဲ့ MAP က...

မြန်မာရွှေ့ပြောင်းလုပ်သားများကို ယာယီပတ်စ်ပို့ ထုတ်ပေးမည့် ကာလကို ထိုင်းအစိုးရက ၂ နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား ကူညီပေးရေး အဖွဲ့ MAP က ပြောသည်။

နှစ်နိုင်ငံ သဘောတူညီချက်အရ အလုပ်သမားများကို ယာယီပတ်စ်ပို့ ထုတ်ပေးချိန် နောက်ဆုံးရက်ကို ဖေဖော်ဝါရီလအထိ ၈ လ သတ်မှတ်ထားရာက ထိုင်းနိုင်ငံ နိုင်ငံခြားအလုပ်သမား ထိန်းချုပ်ရေး ကော်မတီ၏ အဆိုပြုချက်ကြောင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလကို ပြောင်းလဲသတ်မှတ်လိုက်သည်။

“အရင်က သူတို့သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သွားလုပ်တဲ့ အလုပ်သမားက လူဦးရေနည်းတော့ မဖြစ်နိုင်ဘူးဆိုပြီး၊ အလုပ်လုပ်ခွင့် ပါမစ် လုပ်ပေးတဲ့ဟာတွေကို ၂ နှစ်သက်တမ်း ထပ်တိုးခွင့်ပြုတဲ့အကြောင်း အစိုးရက ကြေညာလိုက်တာပါ” ဟု MAP မှ တာဝန်ရှိသူ တဦးဖြစ်သည့် ကိုနစ်က မဇ္စျိမကို ပြောသည်။

နိုင်ငံခြား အလုပ်သမား ထိန်းချုပ်ရေး ကော်မတီတွင် ထိုင်းနိုင်ငံ နိုင်ငံခြား အလုပ်သမား ကော်မတီတွင် နိုင်ငံခြား လုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ၊ အလုပ်သမား၊ ပြည်ထဲရေးနှင့် နိုင်ငံခြားရေး အစရှိသည့် ဝန်ကြီးဌာနများ၊ အမျိုးသား လုံခြံုရေးကောင်စီ အစရှိသည့် ဌာနများမှ အရာရှိများ ပါဝင်သည်။
ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား တသန်းဝန်းကျင်် မှတ်ပုံတင်ထားသော်လည်း ၆ လ အတွင်း ဦးရေ ၈၀၀၀ ကျော်သာ ယာယီပတ်စ်ပို့ ပြုလုပ် နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံတွင် အခြေစိုက်ထားသည့် မြန်မာ့ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ TACDB မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဝေက မဇ္စျိမကို မကြာသေးခင်က ပြောခဲ့သည်။

ထိုင်းတွင် မြန်မာလုပ်သား အရေအတွက်နှင့် ပတ်သက်၍ ထိုင်းအလုပ်သမားဌာနက ၂ သန်းကျော်ဟု ခန့်မှန်း ထားသည်။

မြန်မာလုပ်သားများသည် ယာယီပတ်စ်ပို့ ပြုလုပ်ခြင်းဖြင့် ထိုင်းနိုင်ငံတွင် ၎င်းတို့ တရားမဝင် ရောက်ရှိ နေကြောင်း မြန်မာအာဏာပိုင်များ သိရှိသွားလျှင် နယ်စပ်ဖြတ်ကျော်မှု၊ ငွေကြေးများ တရားမဝင် လွှဲပြောင်းမှုများဖြင့် အရေးယူခံရမည့်အပေါ် စိုးရိမ်မှုများလည်း ရှိနေကြောင်း သိရသည်။

ယာယီပတ်စ်ပို့ကိစ္စအတွက် ဝန်ဆောင်မှုပေးရန် ကုမ္ပဏီ် ၁ဝ ခုကို ထိုင်းအစိုးရက လုပ်ကိုင်ခွင့် ပေးထားရာ ထိုကုမ္ပဏီများကို ဝန်ဆောင်ခ ထိုင်းဘတ် ၈ဝဝဝ ခန့် ပေးရခြင်း၊ ယာယီပတ်စ်ပို့ ရရှိပြီးပါက ဗီဇာကြေး၊ အလုပ်လုပ်ခွင့်ပါမစ်၊ ဆေးစစ်ခြင်းတို့အတွက် ကုန်ကျနိင်သည်။

ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ကြားခံကုမ္ပဏီများ မထားရှိဘဲ ထိုင်း-မြန်မာနှစ်နိုင်ငံ သက်ဆိုင်ရာဌာနများ ချိတ်ဆက်၍ အလုပ်သမားများကို နယ်စပ်တွင် အလုပ်ရှင်များနှင့် တိုက်ရိုက််စာချုပ်ချုပ်နိုင်လျှင် အဆိုပါ အခက်အခဲများ ပြေလည်သွားနိုင်ကြောင်း ဦးမြင့်ဝေက ပြောသည်။

ယာယီ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကိုင်သူများအနေဖြင့် ကိုယ်ပိုင်ဘဏ်စာရင်းဖွင့်ခွင့်၊ အလုပ်လုပ်ခွင့် လက်မှတ်ရှိသဖြင့် လုပ်ခန်းခွင် ဆုံးရှုံးနစ်နာမှုများ၊ အသက်အာမခံကြေးနှင့် လျော်ကြေးများကို သက်ဆိုင်သူ မိဘဆွေမျိုးများက တရားဝင် ထုတ်ယူနိုင်သည်။

နှစ်နိုင်ငံ သဘောတူညီချက်တွင် ထိုင်းအစိုးရက ယာယီပတ်စ်ပို့ ကိုင်ထားသူများကို ၂ နှစ် လုပ်ကိုင်ခွင့် ပေးပြီး လိုအပ်ပါက သက်တမ်း ၂ နှစ် ထပ်တိုးပေးမည်။ ထို့ပြင် အလုပ်သမားတဦးစီမှ တလလျှင် လစာ၏ ၁၅ ရာခိုင်နှုန်းကို စုကြေးငွေအဖြစ် စုဆောင်းရမည်ဖြစ်ပြီး၊ ထိုငွေများကို ၂ နှစ်သက်တမ်း ကုန်ဆုံး၍ နေရပ်ရင်းပြန်ပြီး နှစ်ပတ် အကြာတွင် ထုတ်ပေးမည်ဟု ပါရှိသည်။

Most read this week