ပြစ်မှုကျူးလွန် စစ်သားများ အရေးယူသင့်ဟု ကင်ပိန်းအဖွဲ့ပြော

ပြစ်မှုကျူးလွန် စစ်သားများ အရေးယူသင့်ဟု ကင်ပိန်းအဖွဲ့ပြော
by -
ဆလိုင်း ဟံသာစန်း
ပြစ်မှုကျူးလွန်သည့် စစ်သားများကို ထိရောက်စွာ အရေးမယူခြင်းသည် အပြစ်မဲ့ ပြည်သူများအပေါ် ပြစ်မှုများ ပိုမိုကျူးလွန်စေရန် တိုက်တွန်း အားပေးရာ ရောက်ကြောင်း ဘားမားကင်မ်ပိန်း (ယူကေ) က...

ပြစ်မှုကျူးလွန်သည့် စစ်သားများကို ထိရောက်စွာ အရေးမယူခြင်းသည် အပြစ်မဲ့ ပြည်သူများအပေါ် ပြစ်မှုများ ပိုမိုကျူးလွန်စေရန် တိုက်တွန်း အားပေးရာ ရောက်ကြောင်း ဘားမားကင်မ်ပိန်း (ယူကေ) က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်လလယ်ပိုင်းတွင် ကချင်ပြည်နယ်အတွင်း၌ စစ်သားတဦးက ဒေသခံ လယ်သမားတဦးကို သတ်ဖြတ်ခဲ့သည်ဆိုသော အဖြစ်အပျက်နှင့်အပေါ် အာဏာပိုင်များက အရေးယူရန် ပျက်ကွက်ခဲ့သည်ဟု ဆိုပြီး  ဗြိတိန်အခြေစိုက် ဘားမားကင်မ်ပိန်း - Burma Campaign (UK) က ထိုသို့  ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“စစ်သားတွေက ရွာသူရွာသား ပြည်သူတွေကို ကြိုက်သလိုစော်ကား၊ သတ်ဖြတ်နေတာတွေ အများကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြစ်မှုကျူးလွန်တဲ့ စစ်သားတွေကို နအဖ စစ်ခေါင်းဆောင်တွေက အရေးယူ ဆောင်ရွက်ခြင်းမှ မရှိတာ။ ဒီလို အရေးမယူ၊ မသိကျိုးကျွံပြုထားခြင်းဟာ ဒီလိုပြစ်မှုတွေကို နောက်ထပ် ထပ်ဖြစ်အောင်၊ ထပ်လုပ်အောင် တိုက်တွန်းအားပေးတဲ့ သဘောဖြစ်နေတယ်” ဟု ကင်မ်ပိန်းအရာရှိ မနန်ဆိုင်းက မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးနှင့် လူ့အခွင့်အရေးအတွက် လှုံ့ဆော်နေသော ဘားမားကင်မ်ပိန်း၏ ယနေ့ထုတ် ကြေညာချက်တွင် ကချင်ပြည်နယ် ဖားကန့်ခရိုင် နောင်မီးကျေးရွာတွင် အခြေစိုက်သည့် တပ်ရင်း - ၂၉၈ မှ တပ်ကြပ်အောင်မြင့်က လဖိုင်နော်ဆိုင်း အမည်ရှိ ၂၈ နှစ်အရွယ် ဒေသခံ ကချင် လယ်သမားတဦးကို ပြီးခဲ့သည့်လ ၁၉ ရက်နေ့ ည ၈ နာရီခွဲတွင် ကျေးရွာရှိ ဘုရားကျောင်းထဲ၌ ဓားဖြင့် ထိုးသတ်သွားကြောင်း ဖော်ပြထားသည်။

လဖိုင်နော်ဆိုင်းသည် အဆိုပါ ကျေးရွာတွင် ဦးလေးတော်စပ်သူ မိသားစုနှင့် အတူနေကာ လယ်ယာ လုပ်ကိုင်သူ ဖြစ်ပြီး ဓားဖြင့် အထိုးခံရပြီးနောက် ၁၅ မိနစ်အကြာတွင် သေဆုံးသွားကြောင်းနှင့် ကျေးရွာ အာဏာပိုင်များနှင့် ရဲစခန်းသို့  တိုင်ကြားသော်လည်း  စစ်သားဖြစ်နေသည့်အတွက်  အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ကင်မ်ပိန်းအရာရှိက ဆိုသည်။

မနန်ဆိုင်းက “ရယကနဲ့ ရဲစခန်းက လူသတ်သမားက စစ်သားဖြစ်နေတော့ ဘာမှ မလုပ်ရဲဘူး။ ဒါနဲ့ တနိုင်း စစ်တပ်က ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်ကျော်ထွန်း လာပြီး တပ်ကြပ်ကျော်မြင့်ကို ခေါ်စစ်တော့ သူ ဓားနဲ့ထိုးကြောင်း ဝန်ခံတယ်။ ဒါပေမဲ့ ဒီနေ့ထက်ထိ ဘာအရေးယူမှုမျိုးမှ မရှိဘူး။ အခု အဲဒီကျော်မြင့်ကို မတွေ့တော့ဘူး။ အစအန ပျောက်သွားပြီလို့ ဒေသခံတွေက ပြောတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၂၀ ရက်နေ့တွင် တနိုင်းစစ်တပ် ဒုတပ်ရင်းမှူးနှင့် စစ်တပ်မှ တာဝန်ရှိသူများက မိသားစုများထံ လာရောက်ကာ ငွေကျပ် ၅ သိန်းပေး၍ အမှုပိတ်ကြေအေးစေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နောင်မီးရွာသားတဦးက “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖလို့ ပြောပေမယ့် သူတို့ဟာ လူ့အခွင့်အရေးတွေ ချိုးဖောက်ပြီး ကျနော်တို့အပေါ် အနိုင်ကျင့်၊ ဗိုလ်ကျတာကို ပျော်နေတဲ့ အကြမ်းဖက်သမားလို လူစားမျိုးတွေပါ” ဟု ဘားမား ကင်မ်ပိန်းအဖွဲ့နှင့် ဆက်သွယ်စဉ်က ပြောကြားခဲ့ကြောင်း ဆိုထားသေးသည်။

နောင်မီးကျေးရွာသည် အိမ်ခြေ ၃ဝဝ ခန့်ရှိပြီး အများစုမှာ ကချင်လူမျိုး လယ်သမားများ ဖြစ်သည်။ ရွာသားများနှင့် ကျေးရွာ အသင်းတော်လူကြီးများက ယခုလ ပထမပတ်အတွင်း မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းထံ ယခုဖြစ်ရပ်အပေါ် အရေးယူ ဆောင်ရွက်ပေးရန် စာတစောင် ရေးသားပေးပို့ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိကြောင်း သိရသည်။

စစ်အစိုးရ၏ လူသားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တရပ် ကုလသမဂ္ဂတွင် ဖွဲ့စည်းရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ခံမှုကို ပံ့ပိုးပေးရန် ဗြိတိန်အမတ် ၁၄၀ ကျော်က ၎င်းတို့အစိုးရထံ ပြီးခဲ့သည့်လအစောပိုင်းက တညီတညွတ်ထဲ တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့် နှစ်လယ်ပိုင်းတွင် ရှမ်းပြည်အလယ်ပိုင်းရှိ ကျေးရွာ ၄ဝ ခန့်မှ အိမ်ခြေရာဂဏန်းကို စစ်တပ်များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံ လူဦးရေ တသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသေးသည်။

“ကမ္ဘာ့ကုလ သမဂ္ဂမှာဆိုရင်လည်း မြန်မာပြည်သူပြည်သားတွေကို အကြောင်းအမျိုးမျိုးရှာပြီး ပြစ်မှုကျူးလွန်နေတဲ့ အထောက်အထားတွေ အများကြီးရှိတယ်။ ဒါကို သိနေပါလျက်နဲ့ ဘာမှ အရေးမယူတာဟာ စစ်အစိုးရကို ဒီထက်ကြီးတဲ့ ပြစ်မှုတွေကို ကျူးလွန်အောင် လမ်းဖွင့်ပေးတာနဲ့ အတူတူပါပဲ” ဟု မနန်ဆိုင်းက ပြောသည်။