နေကြတ်ကြည့်သူ နိုင်ငံခြားသားများ ပြည့်နှက်

နေကြတ်ကြည့်သူ နိုင်ငံခြားသားများ ပြည့်နှက်
by -
မြင့်မောင်
၂၁ ရာစုတွင် အရှည်ကြာဆုံး မြင်တွေ့ရမည့် နေကြတ်ခြင်းကို ကြည့်ရှုသည့် နိုင်ငံခြား ခရီးသည်များ မန္တလေးတောင်နှင့် စစ်ကိုင်းတောင်ပေါ်တွင် ယနေ့ ပြည့်နှက်နေခဲ့ ...

နယူးဒေလီ (မဇ္စျိမ)။     ။ ၂၁ ရာစုတွင် အရှည်ကြာဆုံး မြင်တွေ့ရမည့် နေကြတ်ခြင်းကို ကြည့်ရှုသည့် နိုင်ငံခြား ခရီးသည်များ မန္တလေးတောင်နှင့် စစ်ကိုင်းတောင်ပေါ်တွင် ယနေ့ ပြည့်နှက်နေခဲ့သည်။

တောင်ခြေနှစ်ခုတွင် နိုင်ငံခြားသားများကို တင်ဆောင်လာသည့် ဘတ်စ်ကားများဖြင့် ပြည့်နှက်နေပြီး မန္တလေးကျုံး အနီးတွင်လည်း နိုင်ငံခြားသားများက ကင်မရာများ အသင့်ပြင်ဆင်၍ ကြည့်ရှုနေခဲ့ကြောင်း သိရခြင်း ဖြစ်သည်။

“မန္တလေးတောင်ပေါ်ဘက်ကနေ ကြည့်နေတာ နိုင်ငံခြားသားတွေ တော်တော်များများ တက်သွားတယ်။ နိုင်ငံခြားသားတွေ တင်ထားတဲ့ ဘတ်စ်ကားကြီး ရ စီးလောက် ရှိတယ်။ သူတို့အားလုံး တောင်ပေါ် မြင်ကွင်းကြည့်တဲ့ နေရာမှာ အများကြီးပဲ” ဟု ပြော မန္တလေး မြို့ခံတဦးက ပြောသည်။

သူက “မန္တလေးကျုံးဘေးမှာ  နိုင်ငံခြားသားတွေက ကင်မရာတွေ ထောင်ထားပြီး ရိုက်နေတာတွေ ရှိတယ်။ နိုင်ငံခြားသား ၂၀ လောက် တွေ့တယ်။ မန္တလေးမှာတော့ လူတွေ နေကြတ်တာ ကြည့်တာ နည်းတယ်။ သိချင်တဲ့ လူတွေ အနည်းအကျဉ်းလောက်ပဲ ထွက်ကြည့်ကြတယ်။ မန္တလေးတောင်ပေါ်မှာ နိုင်ငံခြားသား ၁၅ဝ လောက် ရှိမယ်” ဟု ပြောသည်။

စစ်ကိုင်းတောင်တွင်လည်း နိုင်ငံခြားသားများနှင့် မြို့ခံများဖြင့် ယနေ့ စည်ကားနေခဲ့သည်။

“နေကြတ်တာကို  ဗီဒီယိုတွေ ရိုက်တယ်။ ဓာတ်ပုံတွေ ရိုက်တာတွေ ရှိတယ်။ လာကြည့်တဲ့ နိုင်ငံခြားသားတွေ တော်တော်များတယ်။ လူတွေက တော်တော်များများ လာကြည့်ကြတယ်။ နိုင်ငံခြားသားတွေအပြင် ကျနော်တို့ မြို့ခံတွေလည်း ကြည့်ကြတယ်'' ဟု စစ်ကိုင်းတောင်ပေါ်သို့ ကိုယ်တိုင်သွားရောက်ခဲ့သူ စစ်ကိုင်းမြို့သားက ပြောသည်။

''နေကြတ်နေတာကို မြင်ရတာက ၃ ပုံ၊ တပုံလောက် မြင်ရတယ်။ ဒီက မြင်ရတာက အောက်ပိုင်းကနေစပြီး ဟိုက်နေတာ တွေ့ရတယ်။ ၃ ပုံ၊ ၁ ပုံက “ဗ” ပြောင်းပြန်မှောက််ရဲ့ ပုံစံဖြစ်နေတယ်။ ဘေးအနားတွေက လင်းနေပြီး အောက်ပိုင်းမှာ  မဲနေတာ တွေ့ရတယ်။ ကျနော်တို့တသက် မမြင်ဖူးဘူး။ အခုလို နေကြတ်တာက တော်တော်ကို ထူးဆန်းတယ်” ဟု သူက ဆက်ပြောသည်။

နေကြတ်သည်ကို မကွေးတိုင်း ရေစကြိုမြို့တွင်လည်း မြင်တွေ့ရကြောင်း ဒေသခံတဦးက ပြောသည်။

“၁ နာရီလောက်က စောင့်ကြည့်နေတာ ၂ နာရီလောက်မှာ အရောင်လေး စပြောင်းတယ်။ ၃ နာရီလောက်မှာ  ဖလင်လိပ်ခံကြည့်တော့ စက်ဝိုင်းအကွင်းလေးပဲ မြင်ရတယ်။ အလယ်ခေါင်တခုလုံး မဲပြီးတော့ ဘေးသားလေး နည်းနည်းလေးပဲ ကျန်တယ်။ ၃ နာရီခွဲလောက်ကျတော့ “ပ” ဇောက်ပုံ ဖြစ်သွားတယ်။ အနက်ကြီးက အပေါ်တက်သွားတယ်” ဟု သူက ပြောသည်။

ယနေ့ နေကြတ်သည်ကို မြန်မာပြည်တွင် စစ်ကိုင်း၊ မန္တလေးနှင့် ရေစကြိုမြို့တို့အပြင် ရန်ကုန်၊ ပဲခူး၊ မေမြို့၊ ရွှေဘို၊ မုံရွာ၊ ပခုက္ကူနှင့် မေမြို့ (ပြင်ဦးလွင်) တို့တွင်ပါ မြင်တွေ့ရကြောင်း သိရသည်။

Most read this week