နယူးဒေလီ။ ။ စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်သည် ၂၀၁၀ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် ယနေ့ တွေ့ဆုံခဲ့ကြောင်း သူမပါတီမှ ခေါင်းဆောင်များက ပြောသည်။ သို့သော် အသေးစိတ် အချက်အလက်များကို ပြောပြခြင်း မရှိခဲ့ပါ။
''ဒေါ်စုနဲ့ ဦးအောင်ကြည်တို့ တွေ့တယ်လို့ ကျနော် ကြားပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တော့ ကျနော်တို့ ဘာမှ မရသေးပါဘူး'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တဦးဖြစ်သူ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
ထို့အတူ ဒီချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ယနေ့ ပြောကြားရာတွင်လည်း သတင်းရပ်ကွက်များမှတဆင့် ထိုသို့ တွေ့ဆုံသည်ဆိုသည်ကို သူလည်း ကြားသိရကြောင်းနှင့် သို့သော်လည်း သူတို့နှစ်ဦး မည်သည့် ကိစ္စရပ်များ ဆွေးနွေးသည်ဆိုသည့် သတင်းအချက်အလက် အသေးစိတ်ကိုမူ မရရှိသေးကြောင်း ပြောသည်။
''သူမရဲ့ နေအိမ်မှာ ၂၅ မိနစ်လောက် တွေ့တယ်လို့ပဲ ကျနော်တို့ ကြားပါတယ်'' ဟု သူက ဆက်လက်် ပြောဆိုသည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်သည် ပြီးခဲ့သည့်လက ဦးအောင်ကြည်နှင့် နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့သည်။ ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့အကြား ဆက်သွယ်ရေးဝန်ကြီးအဖြစ် ထမ်းဆောင်နိုင်ရန်အတွက် ၂၀၀၇ ခုနှစ်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
အနောက်နိုင်ငံများမှ ချမှတ်ထားသော ပိတ်ဆို့ ဒဏ်ခတ်ထားမှုများ လျော့ပါးသက်သာစေရန် ပူးပေါင်း ဆောင်ရွက်လိုပါသည်ဟု သူမ၏ ဆန္ဒကို ထုတ်ဖော်ပြောဆိုထားသည့် စာကို ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးထံ ပေးပို့အပြီး ယခုကဲ့သို့ တွေ့့ဆုံမှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ကမ္ဘာ့နိုဘယ်ဆုရှင်က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စစ်ခေါင်းဆောင်ထံသို့ ဒုတိယစာတစောင် ထပ်မံပေးပို့ပြီး သူ့ကို တွေ့ခွင့်ပေးရန်နှင့် အသက်အရွယ်ကြီးရင့်၍ နာမကျန်း ဖြစ်နေသော ပါတီခေါင်းဆောင်များကို တွေ့ဆုံဂါရဝပြုခွင့် ပေးရန်၊ သူမပါတီမှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တွေ့ဆုံခွင့်ပေးရန်တို့ကို မေတ္တာရပ်ခံခဲ့သည်။
ဦးသန်းရွှေက သူမကို သူမပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ပေးခဲ့သော်လည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှုများ လျော့ပါးရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရန် သူနှင့်တွေ့ဆုံခွင့်ပေးရန် မေတ္တာရပ်ခံချက်ကိုမူ တုံ့ပြန် ဖြေကြားခြင်း မပြုသေးပါ။
ယနေ့ ထိုသို့တွေ့ဆုံမှုသည် လက်ရှိ အလုပ် အမှုဆောင်အဖွဲ့ဝင် ၁၁ ဦးမှ ၂၀ ဦးထိ တိုးမြှင့်လိုက်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သူတို့၏ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာအပြီး တရက်အကြာတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဤတွေ့ဆုံမှုကို အကဲခတ်အချို့က နိုင်ငံရေးလွန်ပွဲ တရပ်အတွက် ပြင်ဆင်မှုလုပ်ငန်းအဖြစ် ရှုမြင်သုံးသပ်ကြပြီး မည်သို့ပင်ဆိုစေ မှန်းဆ၍မူ မရနိုင်ပါ။
''ဒီနေ့ တွေ့ဆုံတာ မှန်တယ်ဆိုရင်တော့ ဒါ နှစ်သစ်ကူးမှာ ခြေလှမ်းကောင်းတရပ်လို့ ကျနော် ထင်ပါတယ်။ ဒါအပြုသဘောဆောင်တဲ့ တွေ့ဆုံမှုဖြစ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်'' ဟု ဦးအုန်းကြိုင်က ပြောသည်။ ဤသို့သော တွေ့ဆုံမှုမျိုးကို သူတို့အနေဖြင့် ကြိုဆိုပြီး ယခုအတိုင်း ဆက်သွားလိမ့်မည်ဟု မျှော်လင့်ပါကြောင်း သူက ဆက်လက်ပြောကြားသည်။
သို့သော် တိုင်းပြည်ကို ဆယ်စုနှစ် ၂ ခုကြာ အာဏာချုပ်ကိုင်ထားခဲ့သော စစ်အစိုးရကမူ ၂၀၁၀ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားခဲ့သော်လည်း ကျင်းပမည့် နေ့ရက် တစုံတရာကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုသေးပါ။
ထိုအတောအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ စစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် သဘောထားပေးကာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးပြီး နိုင်ငံတကာက စောင့်ကြည့် အကဲခတ်နိုင်ခွင့် ရှိမှသာ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည်ဟု ပြောဆိုထားသည်။