ရွာရှောင်များ၏ မြေကွက်များကို သိမ်းယူကာ အရာရှိများက စျေးတင်ရောင်း

ရွာရှောင်များ၏ မြေကွက်များကို သိမ်းယူကာ အရာရှိများက စျေးတင်ရောင်း
by -
ပါးရယ်
ကရင်နီပြည် ဘောလခဲမြို့ရှိ စစ်အစိုးရအရာရှိများသည် မိမိနေရပ်ရင်းသို့ ပြန်လည်နေထိုင်သော ရွာရှောင်များ၏ မြေကွက်များကို သိမ်းယူကာ စျေးတင်ရောင်းချ ပေးနေသည်ဟု...

ကရင်နီပြည် ဘောလခဲမြို့ရှိ စစ်အစိုးရအရာရှိများသည် မိမိနေရပ်ရင်းသို့ ပြန်လည်နေထိုင်သော ရွာရှောင်များ၏ မြေကွက်များကို သိမ်းယူကာ စျေးတင်ရောင်းချ ပေးနေသည်ဟု ဒေသခံများက ပြောသည်။

အရာရှိများသည် မြေကွက် လိုချင်သူများအား ရောင်းချပေးမည်ဟု ပြောဆိုထားပြီး နာမည်စာရင်း သွင်းထားခိုင်းခြင်း၊ မြေကွက် သွားရောက်တိုင်းထားခိုင်းခြင်းနှင့် ငွေကြေး အရင်ကောက်ခံထားသော်လည်း အမှန်တကယ်တွင် ဒေသခံများ မရရှိကြောင်း ဘောလခဲ မြို့မှမြို့သူ ဒေသခံတဦးက ပြောပါသည်။

“မြေကို လိုချင်တဲ့ သူတွေက သွားတိုင်းထားတယ်။ နာမည်စာရင်း သွားသွင်းထားရတယ်။ ကောက်ထားရတယ်။ တအိမ်ကို ပိုက်ဆံ ဘယ်လောက် ဆိုပြီးမှ သူတို့ ပိုက်ဆံ ပြန်ကောက်ထားရတယ်။ ဒါပေမဲ့ အဲဒါတွေဟာ အလဟတပါပဲ။ အခုထိ ဘာမှလဲ မရဘူး။ ပိုက်ဆံပဲ ကောက်စားကြတာလေ” ဟု သူမက ပြောသည်။ အာဏာပိုင်များ စီစဉ်ရောင်းချနေသော မြေကွက်များသည် လွန်ခဲ့သည့် ၁၉၉၅ ခုနှစ်က အခြားကျေးရွာများမှ ပြောင်းရွှေ့လာရောက် နေထိုင်သော ရွာရှောင်နေရာများ ဖြစ်သည်။

သို့သော် ရွာရှောင်များသည် မူရင်းနေရပ်များသို့ အချို့ပြန်လည်နေထိုင်ပြီ ဖြစ်သောကြောင့် ၎င်းတို့ ပိုင်ထားခဲ့သော မြေကွက်များနှင့် ခြံများကို အာဏာပိုင်များက ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် အာဏာပိုင်များက မြေကွက် တကွက်လျှင် ၄၀x၅၀ပေကို ကျပ်ငွေ ၂၀၀၀၀နှင့် မြေကွက် အလိုရှိသူများကို လျှောက်လွှာ တင်ထားခြင်းဖြင့် ငွေကြေး ကောက်ခံနေခြင်း ဖြစ်သည်ဟု အခြားဘောလခဲမြို့ခံ တဦးက ပြောသည်။

၎င်းက “မြေကွက်တွေကို အရာရှိတွေကပဲ ရပြီးတော့ ပြန်လိုချင်တဲ့ ရွာသားတွေကို နှစ်သိန်းနဲ့ ပြန်ရောင်းတယ်” ဟု ပြောပါသည်။ ဘောလခဲမြို့တွင် အများအားဖြင့် စစ်အစိုးရဝန်ထမ်းများ ရုံံးအခြေစိုက်ရာနေရာ ဖြစ်သည်။ ယခုလက်ရှိတွင်လည်း ရွာရှောင်အိမ်ခြေ ၆၀ ကျော်ခန့် တည်ရှိနေကြောင်း သိရသည်။