ယုံကြည်မှု မရှိသည့် ၂၀၁၀ ရွေးကောက်ပွဲ

ယုံကြည်မှု မရှိသည့် ၂၀၁၀ ရွေးကောက်ပွဲ
by -
မနိုက်အွာ
“အခု စစ်အစိုးရ လုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု၊ ရှိမှာမဟုတ်ဘူး” ဟု ရန်ကုန်မြို့တွင် နေထိုင်သူ အထက်တန်းပြ ပင်စင်စား ကျောင်းဆရာမ တဦးက...

“အခု စစ်အစိုးရ လုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု၊ ရှိမှာမဟုတ်ဘူး” ဟု ရန်ကုန်မြို့တွင် နေထိုင်သူ အထက်တန်းပြ ပင်စင်စား ကျောင်းဆရာမ တဦးက ပြောသည်။

သူမက “တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်အစိုးရက နှုတ်ဖျားကနေ ပြောနေပေမယ့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့သဘောနဲ့ သူတို့ အတည်ပြုလိုက်သလိုပဲ၊ ရွေးကောက်ပွဲကိုလည်း လုပ်လာမှာ သေချာတယ်” ဟု သူမက ၂၀၁၀ ရွေးကောက်ပွဲအပေါ် အယုံအကြည် မရှိကြောင်း ပြောဆိုလာသည်။

အာဏာပိုင်များက ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို တဖက်သတ် ရေးဆွဲခဲ့ပြီးနောက် နာဂစ်လေမုန်တိုင်းကြောင့် လူအများ ပူဆွေးသောက ရောက်နေချိန်တွင်ပင်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ ပြုလုပ်ကာ၊   ၉၂ ဒဿမ ၉၅ ရာခိုင်နှုန်းဖြင့် အတည်ပြုမှု ရယူခဲ့သည်။  

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “၂၀၁၀ခုနှစ်မှာ ပြည်သူတွေ အတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ၊ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ၊ စနစ်တကျ ကျင်းပရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ၊ တိုင်းရင်းသားတရပ်လုံးက မှန်ကန်စွာ ဆုံးဖြတ်ဆောင် ရွက်ရမည်ဖြစ်သည်”ဟု ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၆၂ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့တွင် ပြောဆိုသွားသည်။

ထို့အပြင် အာဏာပိုင်များက ၎င်းတို့ ချမှတ်ထားပြီးဖြစ်သည့် လမ်းပြမြေပုံပါ အတိုင်း အဆင့်ဆင့် ပြုလုပ်သွားရန်သာ စိုင်းပြင်းနေကြသည်။

ယနေ့ထိတိုင် ရွေးကောက်ပွဲကျင်းပရေး စည်းမျဉ်းဥပဒေ၊ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီဝင်များအတွက် တရားဝင် မှတ်ပုံတင်ခြင်း ဥပဒေများပင် ထုတ်ပြန်ခြင်း မရှိသေးသည့်အပြင် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ကိုပင်၊ ယနေ့ထိတိုင် တရားဝင် ကြေညာနိုင်ခြင်း မရှိသေးပေ။

သို့သော်၊ ယခုလ ရ ရက်နေ့ထုတ်၊ ဂျပန်နိုင်ငံမှ နာမည်ကြီး သတင်းစာတစောင်ဖြစ်သော အာဆာဟိရှင်ဘွန်း (Asahi Shimbun) ၏ သတင်းစာတွင်မူ “အောက်တိုဘာလ ၁၀ရက် နေ့တွင် ရွေးကောက်ပွဲ ကျင်းပကာ၊ ဧပြီလအတွင်း ပါတီမှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲစည်းမျဉ်းများ ကြေညာမည်ဖြစ်ကြောင်း စစ်အစိုးရကို ကိုးကား ရေးသား ဖော်ပြထားသည်။

ရွေးကောက်ပွဲ ကျင်းပမည့်အချိန် နီးလာပြီဟု ပြောဆိုနိုင်သော်လည်း တဖက်တွင် မြန်မာပြည်သူလူထု အကြား နေ့တဓူဝ တွေ့ကြံုနေရသည့် လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်း၊ အခြေခံလူသုံးကုန် ပစ္စည်း စျေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းနှင့် အတူ စားဝတ်နေရေး ပြဿနာများ ရင်ဆိုင် ကြံုတွေ့နေကြသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံး ရပ်ကွက်များတွင် နေထိုင်ကြသည့် အောက်ခြေအဆင့် လူတန်းစား အများစုသည် ကျန်းမာရေး၊ လစဉ် နေအိမ်ဌားရမ်းခ ပေးဆောင်ရန် ငွေကြေးမရှိခြင်း၊ ကုန်စျေးနှုန်းမြင့်မားလာမှုကြောင့် သား၊ သမီးများ ကျောင်း ပညာရေး ဆက်လက်ထားရှိနိုင်ရေးအတွက် ငွေကြေး အခက်အခဲများ တွေ့ကြံုနေရသည်။

“ရွေးကောက်ပွဲကို နိုင်ငံရေးလုပ်တဲ့သူတွေလောက်ပဲ စိတ်ဝင်စားမှာပေါ့။ အမေတို့က မနက်ဖြန် ဘာစားမလည်း၊ ကလေးတွေ ကျောင်းထားဖို့ လောက်ပဲ တွေးပူနေရတာ” ဟု ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အိမ်ရှင်မ တဦးက ညည်းတွားကာ ပြောဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း နေထိုင်ကာ နေ့စားအလုပ်ဖြင့် မိသားစု စားဝတ်နေရေးကို ပံ့ပိုးပေးနေသည့် မကျင်သိန်း (အမည်ပြောင်း) က ““ရွေးကောက်ပွဲဆိုတာ ဘာလဲ။ ဘာကြောင့် ရွေးကောက်ပွဲ လုပ်ရတာလဲဆိုတာ၊ ကျမ နားမလည်ဘူး။ ကျမသိတာက ဒီနေ့ အလုပ်လုပ်မှ၊ မနက်ဖြန် စားဖို့ အဆင်ပြေ မယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်က ဗြိတိသျှ အစိုးရလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ဖွဲ့စည်းထူထောင်ရန် ရွေးကောက်ပွဲ တချို့ ကျင်းပ ပြုလုပ်ခဲ့သော်လည်း စစ်တပ် အာဏာသိမ်းခြင်းနှင့်သာ အဆုံးသတ်ခဲ့ရသည်။

အာဏာသိမ်း စစ်တပ်မှ ဦးဆောင်ကာ ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သော်လည်း အနိုင်ရရှိခဲ့သည့် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ကို အာဏာ လွဲပြောင်းပေးခြင်း မရှိသည့်အပြင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ခဲ့သည်မှာ ယနေ့ထိပင် ဖြစ်သည်။
ရွေးကောက်ပွဲပြီးစီးပါက စစ်တန်းလျားပြန်မည်ဟု ၁၉၈၈ ခုနှစ်၊ အာဏာသိမ်း စစ်တပ်က ဂတိပေး ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ အာဏာမြဲမြံရေးကိုသာ တစိုက် မတ်မတ် လုပ်ဆောင်လာနေသည်။ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲသည် စစ်အစိုးရ တဖက်သတ်အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုမည် ဖြစ်သဖြင့် စစ်တပ်အုပ်ချုပ်ရေးစနစ်ကို ပိုမိုခိုင်မြဲစေပြီး၊  တိုင်းရင်းသားများ အခွင့်အရေး အာမခံချက် မရှိဟု ဆိုကာ၊ ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီအင်အားစုများက ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုမှု များလည်း ရှိနေသည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်သင့်ကြောင်း တောင်းဆိုမှုများလည်း ရှိနေသည်။

“ကျမတို့ လူထုတွေ၊ လက်ရှိ စစ်အစိုးရကို အယုံအကြည်မရှိတာ မဆန်းပါဘူး။ သူတို့လုပ်ရပ်တွေကို မြို့နေလူထုတွေက ပိုသိတယ်။ ကိုယ့်စိတ်ဆန္ဒအမှန်တွေ ဖော်ပြလည်း၊ ဘာမှ ထူးလာမှာ မဟုတ်ဘူး” ဟု ထိုကျောင်းဆရာမက ပြောဆိုလိုက်ပြီး၊ “ဘာမှပြောင်းလဲလာမှာ မဟုတ်ဘူး”ဟု သူမက စစ်အစိုးရအပေါ် ထင်မြင် ယူဆချက်ကို ပြောဆိုသွားသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့အတွင်းရှိ စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးကမူ လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိပါက သူမအနေဖြင့် လက်ရှိ စစ်အစိုးရကို မဲပေးမည် မဟုတ်ကြောင်း ယခုလို ရင်ဖွင့်ကာ ပြောဆိုသွားသည်။

“အဒေါ်တို့က အထက်က လူကြီးတွေရဲ့ သဘောအတိုင်း လုပ်ရတယ်။ တကယ်လို့ အဒေါ်တို့မှာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် သာ ရှိမယ်ဆိုရင် လက်ရှိအစိုးရကို မရွေးဘူး။ အေးအေးဆေးဆေးပဲ နေချင်တယ်”ဟု ပြောသည်။

သို့သော် မြန်မာနိုင်ငံတွင် လူထုသည် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေကြသည့်အပြင်၊ မိမိဆန္ဒကို လွတ်လပ်စွာ ပြောဆို ဖော်ထုတ်ခွင့် ကန့်သတ်ခံနေရသည့် အတွက် လာမည့် ရွေးကောက်ပွဲသည် ပြည်သူအများ မိမိနှစ်သက်သည့် ပါတီ၊ ပုဂ္ဂိုလ်များကို လွတ်လပ်စွာ ရွေးချယ် မဲပေးနိုင်ရေးအတွက်ကိုမူ သံသယ နှင့် သတိထား စောင့်ကြည့်ရဦးမည် ဖြစ်သည်။