အဲပုဂံ တကျော့ပြန် ခေါင်းထောင်ရန်ကြိုးစား

အဲပုဂံ တကျော့ပြန် ခေါင်းထောင်ရန်ကြိုးစား
by -
ခိုင်စု
တရုတ်နှင့် ကမ္ဘောဒီယားတို့သို့ စီးပွားရေး ပိတ်ဆို့ အရေးယူခံရမှု စာရင်းတွင် ပါဝင်သော ဦးတေဇပိုင် အဲပုဂံ လေကြောင်းလိုင်းက ပြေးဆွဲရန်...

တရုတ်နှင့် ကမ္ဘောဒီယားတို့သို့ စီးပွားရေး ပိတ်ဆို့ အရေးယူခံရမှု စာရင်းတွင် ပါဝင်သော ဦးတေဇပိုင် အဲပုဂံ လေကြောင်းလိုင်းက ပြေးဆွဲရန် စီစဉ်လျှက်ရှိသည်။

''ကျမတို့က လာမယ့် စက်တင်ဘာ၊ အောက်တိုဘာလောက်မှာ ကမ္ဘောဒီယားနိုင်ငံ ဆီရမ်ရိဒ်၊ တရုတ်ပြည်ဆိုရင် ကွမ်ကျိုး၊ ကူမင်းမြို့တွေကို ပျံဖို့ plan ချထားပါတယ်။ charter ဖြစ်မလား၊ regular ဖြစ်မလားဆိုတာ မပြောနိုင်သေးပါဘူး။ ဆီရမ်ရိဒ်ဆိုရင် Tourist တွေ အများကြီးလာတယ်။ အဲဒီကိုလာတဲ့ Tourist တွေကလည်း မြန်မာပြည်ကို လာကြတာ များတယ်။ ဘန်ကောက်ကတဆင့် လာကြတာ။ တိုက်ရိုက် မရှိဘူးလေ။ ဒါကြောင့် ဆွဲဖို့ စီစဉ်တာပါ” ဟု အဲပုဂံ ကုမ္ပဏီအရာရှိတဦးက ပြောသည်။

ခရီးစဉ် တိုးချဲ့ရခြင်းမှာ စျေးကွက်လိုအပ်ချက်နှင့် ၂၀၁၀ တွင် နိုင်ငံခြား ခရီးသွားများ ပိုမိုလာရောက်နိုင်ခြင်းကြောင့် ဖြစ်ကြောင်းနှင့် ၎င်းခရီးသွားများအပြင် ပြည်တွင်း ခရီးသွားများကိုပါ ရည်ရွယ်ထားကြောင်း သိရသည်။

“အရင်ကဆိုရင် Local (ဒေသခံ) တွေက မြန်မာပြည်ထဲမှာပဲ ခရီးသွားကြတာ။ အခုဆိုရင် တနှစ်တခါ ပြည်ပ ခရီးသွားဖို့ စိတ်ဝင်စားနေကြပြီ။ ထိုင်းနဲ့ စင်္ကာပူကို မိသားစု အလိုက်လည်း အများဆုံး သွားလည် နေကြတယ်။ တနှစ်ပြီးတနှစ် မသွားဖူးသေးတဲ့ နိုင်ငံတွေကို သွားဖို့ စိတ်အားထက်သန်လာကြတယ်” ဟု သူက ဆက်ပြောသည်။

သံဃာတော်များ ဦးဆောင်သော ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများကို သွေးမြေကျ ပစ်ခတ်နှိမ်နင်းပြီးနောက် စစ်အစိုးရ၏ လက်ရင်းလူယုံ ဦးတေဇအပါအဝင် လူ ၄၀ ကို အမေရိကန်နှင့် ဥရောပနိုင်ငံများက ဘဏ္ဍာရေးနှင့် ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခဲ့ပြီးနောက် အဲပုဂံ၏ ရန်ကုန်နှင့် မလေးရှား၊ စင်္ကာပူ ခရီးစဉ်များ ရပ်ဆိုင်းခဲ့ရပြီးနောက် ယခုတဖန် ပြန်လည် ကြိုးစားလာခြင်း ဖြစ်သည်။

ယခုလ ရ ရက်နေ့က ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ပြန်လည်ပြေးဆွဲရာ ထင်သလောက် ခရီးသည်မရဘဲ ရှိနေသည်။ သို့သော် လေကြောင်းလိုင်းက ဧပြီလအထိသာ စမ်းသပ် ကာလအဖြစ် သတ်မှတ်ထားသည်။

''အဲပုဂံရဲ့ ခရီးသည်ရှိမှု အခြေအနေအရ ပြောရရင် Lay Season (ခရီးသွားရာသီမဟုတ်ချိန်) မှာဆိုရင် ၄၀ ရာနှုန်း၊ High Season (အောက်တိုဘာမှ ဒီဇင်ဘာအထိ ခရီးသွားရာသီ) မှာဆိုရင် ရင်လည်း ၆၀ ရာနှုန်းအထက်မှာ ရှိခဲ့တယ်။ ဒီနှစ် High Season မှာဆိုရင်လည်း ၈၀ ရာနှုန်းလောက် ဖြစ်မယ်လို့ ခန့်မှန်းထားတာပါ။ '' ဟု အဲပုဂံ တာဝန်ရှိသူက ပြောသည်။

Most read this week