လက်နက်ကိုင် တပ်ဖွဲ့များ ပါ၀င် ပတ်သက်၍ ဓါးပြတိုက်မှုကို ရဲမှ တခြား ပုဒ်မများဖြင့် အမှုဖွင့်

လက်နက်ကိုင် တပ်ဖွဲ့များ ပါ၀င် ပတ်သက်၍ ဓါးပြတိုက်မှုကို ရဲမှ တခြား ပုဒ်မများဖြင့် အမှုဖွင့်
by -
တာကလူး
မောင်တောမြို့တွင် အင်္ဂါနေ့ နံနက်၌ ဖြစ်ပွါးခဲ့သည့် ဓါးပြမှုကို မောင်တော ရဲစခန်းမှ ဓါးပြမှုနှင့် သက်ဆိုင်သည့် ပုဒ်မများဖြင့် အမူမဖွင့်ဘဲ တခြားပုဒ်မ များဖြင့်သာ အမှုဖွင့်ထားသည်ဟု ရဲသတင်း ရပ်ကွက်....

မောင်တောမြို့တွင် အင်္ဂါနေ့ နံနက်၌ ဖြစ်ပွါးခဲ့သည့် ဓါးပြမှုကို မောင်တော ရဲစခန်းမှ ဓါးပြမှုနှင့် သက်ဆိုင်သည့် ပုဒ်မများဖြင့် အမူမဖွင့်ဘဲ တခြားပုဒ်မ များဖြင့်သာ အမှုဖွင့်ထားသည်ဟု ရဲသတင်း ရပ်ကွက် တစ်ခုက ပြောသည်။

၄င်းဓါးပြမှုကို မောင်တောရဲစခန်းက အမှုအမှတ် (ပ) ၈ /၂၀၁၀ ဖြင့် စာရင်းတင် အမူဖွင့် လိုက်ပြီး ဓါးပြ ဥပဒေပုဒ်မ (၃၉၅)ဖြင့် အမှုဖွင့်မည့် အစား သေကြောင်း ကြံစည်မူ ပုဒ်မ (၃၀၇)၊ တုံးသော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု ပုဒ်မ (၃၂၅) နှင့် အားပေးကူညီမှု ပုဒ်မ (၁၁၄) စသည့် ဥပဒေပုဒ်မများဖြင့်သာ အမှုဖွင့်ထားသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ယခုကဲ့သို့ ဓါးပြမူကို ဓါးပြမူဖြင့် အမူမဖွင့်ခြင်းမှာ အဆိုပါ ဓါးပြတိုက်မူတွင် စစ်အစိုးရ လက်နက်ကိုင် တပ်ဖွဲ့ဝင် တချို့ ပါ၀င် ပတ်သက်နေ၍ ဖြစ်သည်ဟု ဆိုသည်။

ဓါးပြ တိုက်ခံရပြီး သေနတ်ဒဏ်ရာ ရရှိခဲ့သူ မောင်မောင်ကျော် ကိုယ်တိုင် ယခုအခါ ဆေးရုံတွင် ရောက်ရှိနေသော်လည်း ဓါးပြမူဖြင့် အမူမဖွင့်ခြင်းမှာ အထက်အာဏာပိုင် များက ရဲတပ်ဖွဲ့အား ဖိအားပေးထား၍ ဖြစ်သည်ဟု အဆိုပါ ရဲသတင်းရပ်ကွက် ပြောသည်။ ဒဏ်ရာ ရရှိခဲ့သူ မောင်မောင်ကျော်အား ခွဲစိတ် ကုသရန်အတွက် ယနေ့တွင် စစ်တွေသို့ ပို့ဆောင်ရမည်ဟုလည်း သိရသည်။

ဓါးပြမှုမှာ မြန်မာနိုင်ငံ ဥပဒေကြောင်းအရ အမှုကြီးဆယ်ခုထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး လုံခြံုရေး အများဆုံးချထားသည့် မောင်တောမြို့ပေါ်တွင် ဖြစ်ပွါးခဲ့သည့် အတွက် နစကနှင့် ရဲတပ်ဖွဲ့တွင် တာဝန်အရှိဆုံးဖြစ် သဖြင့် အထက် အရာရှိများမှ အရေးယူ အပြစ်ပေးမည်ကို စိုးရိမ်ခြင်းကြောင့် ယခုကဲ့သို့ လျော့ပေါ့ အမှုဖွင့် လိုက်ခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသည့် ဥပဒေ အရာရှိ တဦးကလည်း နိရဥ္စရာကို အောက်ပါအတိုင်း ပြောသည်။

"ဓါးပြမှုဆိုတာ အမှုကြီး ဆယ်ခုထဲမှာ တစ်ခု အပါအဝင်ပဲလေ။ မြို့ပေါ်မှာ လာဖြစ်တာ ဆိုတော့ နစကတွေမှာရော ရဲတွေမှာပါ တာဝန်ရှိတယ်။ နောက်တစ်ခုက ဒီလောက် လုံခြံုရေး တင်းကျပ်ထားတဲ့ မြို့ပေါ်မှာ ဓါးပြမူ လာဖြစ်တယ်ဆိုတော့ အထက်လူကြီးတွေက အရေးယူ အပြစ်ပေးမှာကို စိုးရိမ်ပြီး အမူကြီးကို အမူသေးအောင် မောင်တော အာဏာပိုင်တွေက ပူးပေါင်း စီစဉ် ကြတာ ဖြစ်ပါတယ်။"

သေနတ်နှင့် ဓါးများ ကိုင်ဆောင်ထားသည့် ဓါးပြ (၈)ဦးခန့်သည် ဗမာ စကားပီပီသသ ပြောကာ ဧည့်စာရင်းလာစစ်သည့် နစက တပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင်ပြီး မောင်တော အမှတ်(၃)ရပ်ကွက်ရှိ ဒေါ်လှရွှေ၏နေအိမ်အား အင်္ဂါနေ့ နံနက် ၁ နာရီကျော် အချိန်တွင် ၀င်ရောက်ဓါးပြ တိုက်သွားခဲ့သည်။

ဓါးပြမှန်းသိ၍ မိသားစုဝင် တစ်ဦးမှ အော်ဟစ် အကူအညီတောင်းရာတွင် သေနတ်ကိုင် ဆောင်လာသည့် ဓါးပြတစ်ဦးက ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေါ်လှရွှေ၏ ဆွေမျိုး တော်စပ်သူ မောင်မောင်ကျော်၏ ခန္ဓာကိုယ်တွင် ကျည်ထိမှန်ခဲ့ပြီး၊ အခြားဓါးပြတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဒေါ်လှရွှေမှာ ဦးခေါင်း ကွဲသွားခဲ့သည်။

Most read this week