လူထုကို အနိုင်ကျင့်သည့် ရဲတပ်ကြပ်ကြီး ဓါးထိုးခံရ

လူထုကို အနိုင်ကျင့်သည့် ရဲတပ်ကြပ်ကြီး ဓါးထိုးခံရ
by -
မောင်အေး
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် လူထုကို အနိုင်ကျင့်သည့် ရဲတပ်ကြပ်ကြီး တဦးကို လူငယ် တဦးမှ ဓါးဖြင့် ထိုးလိုက်သဖြင့် ရဲတပ်ကြပ်ကြီးကို ဆေးရုံသို့ တင်ပို့လိုက်ရသည်ဟု...

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် လူထုကို အနိုင်ကျင့်သည့် ရဲတပ်ကြပ်ကြီး တဦးကို လူငယ် တဦးမှ ဓါးဖြင့် ထိုးလိုက်သဖြင့် ရဲတပ်ကြပ်ကြီးကို ဆေးရုံသို့ တင်ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။

အဆိုပါ ဓါးထိုးခံရသည့် ရဲတပ်ကြပ်ကြီမှာ ရသေ့တောင်မြို့ ရဲစခန်းမှ တင်သန်း ဖြစ်ပြီး ရသေ့တောင်မြို့နယ် မူစဲကျွန်း ခြေတော်ရာ ဘုရားပွဲတွင် လုံခြံုရေး တာဝန်ကျနေစဉ် ယခုကဲ့သို့ ဓါးထိုးခံရခြင်းဖြစ်သည်။

သူ့အား ဓါးနှင့်ထိုးလိုက်သည့် လူငယ်မှာ ရသေ့တောင်မြို့နယ် နဂါးမောက်ကျေးရွာမှ ဦး မောင်ဖြူလုံးသား မောင်ကိုနိုင်ဖြစ်သည်။

ဓါးထိုးမှုဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး နဂါးမောက် ကျေးရွာသားတဦးက ယခုကဲ့သို့ ပြောသည်။

“အဲဒီ ရဲသား တင်သန်းက ပွဲအစနေ့မှာ မောင်ကိုနိုင်ကို ဖမ်းပြီးရိုက်တယ်။ ၀င်တားတဲ့ လူတွေကို မချေမငံ မလေးမခန့် ပြောတယ်။ ဒါကို မကျေနပ်တဲ့ အတွက် ပွဲနောက်ဆုံးနေ့မှာ မောင်ကိုနိုင်က တပ်ကြပ်ကြီး တင်သန်းကို ဓါးနဲ့ သုံးချက်တိတိ ထိုးလိုက်တာ ဖြစ်ပါတယ်။”

မောင်ကိုနိုင်မှာ အမူတခုကြောင့် ရဲတပ်ကြပ်ကြီး တင်သန်းကို ငွေမကြာခဏ ပေးနေရပြီး ဘုရားပွဲတွင် ငွေမပေးနိုင်၍ ရိုက်ရာမှ မောင်ကိုနိုင် မကျေနပ်၍ ဓါးနှင့် ထိုးခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“မောင်ကိုနိုင်မှာ အမှုတခုရှိတယ်။ အဲဒီအမှုအတွက် လစဉ် ရဲစခန်းကိုသွားပြီး ငွေပေးထားရတယ် ။ ဒါကို အခွင့်ကောင်းယူပြီး တင်သန်းက မောင်ကိုနိုင်ကို ပွဲမှာရိုက်ပြီး ငွေထပ် တောင်းတယ်။ မောင်ကိုနိုင်ကလည်း ငွေပေးထားပြီးသား ဖမ်းရိုုက်ရမှာလားဆိုပြီး မကြေနပ်လို့ အခုလို ဓါးနဲ့ ထိုးတာဖြစ်ပါတယ်။”

ယခုအခါ ရဲတပ်ကြပ်ကြီး တင်သန်းမှာ ဓါးဒဏ်ရာဖြင့် ရသေ့တောင်မြို့ဆေးရုံတွင် ဆေးကုသ မှု ခံယူနေရပြီး မောင်ကိုနိုင်မှာ တိမ်းရှောင်နေကြောင်း သိရသည်။

ဓါးထိုးခံရသည့် ရဲတပ်သားတင်သန်းမှာ လည်ဂုတ်တွင် တချက်၊ လက်မောင်းတွင် တချက်နှင့် ညာဘက်ပေါင်တွင် တချက် သုံးချက်တိတိ အထိုးခံရကြောင်း ရသေ့တောင် ဆေးရုံနှင့်နီး စပ်သူ တဦးကလည်း အတည်ပြုပြောကြားသည်။

Most read this week