အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ဗဟို အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် CEC အရေအတွက် ၂၀ ဦးအထိ တိုးချဲ့လိုက်ကြောင်း ပါတီ ပြောခွင့်ရှိသူထံမှ သိရသည်။
ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ရ ဦးသာ တက်ရောက်သည့် ရန်ကုန်အဖွဲ့ချုပ်ရုံး ယနေ့ အစည်းအဝေးမှ ယင်းသို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။
ကျန်းမာရေး မကောင်းသည့် ဦးအောင်ရွှေနှင့် ဦးလွင်။ နေအိမ် အကျယ်ချုပ်ကျနေသည့် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း မရှိပေ။
သို့သော် CEC အား တိုးချဲ့ဖွဲ့စည်းလိုက်ခြင်းမှာ အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရသည်။
ယခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် CEC ၁၁ ဦးရှိရာမှ ၉ ဦးကို တိုးချဲဲ့ ဖွဲ့စည်းလိုက်သဖြင့် လက်ရှိ CEC အဖွဲ့ဝင် စုစုပေါင်း ၂၀ ဦး ဖြစ်လာမည်ဟု ပါတီပြန်ကြားရေး အဖွဲ့ ဥက္ကဌ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေကလည်း ပြောသည်။
“ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့ အန်ကယ်တို့ ဆောင်ရွက်ပြီးပါပြီ ဒါပေမဲ့ ထုတ်ပြန်ဖို့ လိုအပ် နေသေးတယ်။ လုပ်ငန်းဆိုင်ရာ ကိစ္စများ ရှိနေသေးလို့ မထုတ်ရသေးတာ၊ သက်ဆိုင်ရာကိုလည်း အကြောင်းကြားရဦးမယ်” ဟု သူက မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က အသက်အရွယ်ကြီး ပါတီ ခေါင်းဆောင်များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင် နှင့် ဦးလွန်းတင်တို့ကို အစိုးရ ဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် တွေ့ဆုံဂါရဝပြုခွင့်ရခဲ့စဉ် ပါတီ CEC တိုးချဲ့ ဖွဲ့စည်းရေးအတွက် သဘောတူခဲ့ကြပြီးနောက် ယခု ပြင်ဆင်မှု ပေါ်လာခြင်းဖြစ်သည်။
ယင်း CEC ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်အသစ်များ၏ အမည်များနှင့် ပတ်သက်၍ အဖွဲ့ဝင်များအား အကြောင်းကြားရန် လိုအပ်နေသေးသဖြင့် လာမည့်ပတ် ၁၈ ရက်နေ့မှ တရားဝင် ထုတ်ပြန်မည်ဟု သိရသည်။
အသစ်ရွေးချယ်သည့် CEC များသည် ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြု အဖွဲ့ဝင် ၁၄ ဦးထဲမှ ဖြစ်ကြောင်းကိုမူ သိရသည်။
ယခု အသစ်ရွေးချယ်လိုက်သည့် CEC အသစ်များထဲတွင် ဦးသိန်းညွန့် (သင်္ဃန်းကျွန်းအမတ်)၊ ဒေါက်တာဝင်းနိုင် (ရန်ကုန်တိုင်း အတွင်းရေးမှူး)၊ ဦးဟန်သာမြင့် (ပညာရေး ကော်မတီဝင်)၊ ဒေါက်တာသန်းငြိမ်း (ရန်ကုန်တိုင်း ဒုဥက္ကဌ)၊ ရှေ့နေ ဦးဉာဏ်ဝင်း (အပေါင်အမတ်) တို့ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ယခင် CEC အဖွဲ့ဝင် ၁၁ ဦးမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ)၊ ဒေါ်ဆောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး)၊ အဖွဲ့ဝင်များ အဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွှန့်ဝေနှင့် ဦးခင်မောင်ဆွေ တို့ဖြစ်ကြောင်း ယခုလ ၉ ရက်နေ့ တွင် အန်အယ်ဒီက ထုတ်ပြန် ခဲ့သည်။
တရားဝင် ပုံစံတကျပါတီ ဖြစ်လာမှသာ အောက်ခြေ အန်အယ်လ်ဒီအဖွဲ့ဝင်များ တောင်းဆိုသည့်အတိုင်း အစည်းအဝေး၊ ညီလာခံ ခေါ်ယူကာ CEC ပြန်လည် ဖွဲ့စည်းခြင်းကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း လက်ရှိ အခြေအနေအရ မဖြစ်နိုင်သည့်အတွက် အထက်မှ ရွေးချယ်ချပေးသည့်နည်းသာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။
ယမန်နှစ် နိုဝင်ဘာလက တိုင်းနှင့် ပြည်နယ်အသီးသီးမှ ပါတီအဖွဲ့ဝင်များက လက်ရှိ ပါတီ၏ နိုင်ငံရေး လုပ်ဆောင်မှုများ အားလျော့လာနေသောကြောင့် စွမ်းဆောင်ရေ တိုးတက်လာစေရန် ပါတီထိပ်ပိုင်း ခေါင်းဆောင်များ ပြင်ဆင်ရန် တောင်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်လ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံခြားပိတ်ဆို့ အရေးယူမှု များကိစ္စများနှင့် ပတ်သက်၍ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ပူးပေါင်း ဖြေရှင်းလိုကြောင်း ကမ်းလှမ်းခဲ့သော စာထဲတွင် အကျယ်ချုပ် ကျခံနေရသည့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါ အဝင် CEC အဖွဲ့ဝင် ၁၁ ဦးနှင့် ပထမဦးဆုံး တွေ့ဆုံခွင့်ပြုရန် စာရေးသား တောင်းဆိုခဲ့သည်။
သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မည်သို့မျှ အကြောင်းပြန်ခြင်း မရှိသေးချေ။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အန်အယ်ဒီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရသော်လည်း စစ်တပ်က အာဏာလွှဲပေးခြင်း မရှိသည့်အပြင် ရန်ကုန်ရုံးချုပ်မှ လွဲ၍ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ရုံးခွဲများ ချိပ်ပိတ်ခဲ့ကာ ပါတီဝင်များကိုလည်း ထောင်ဒဏ်များ ချမှတ်လျက် ရှိသည်။