ဓါးစာခံရှာပြီး သေဒဏ်ပေးခြင်းဟု လုပ်ဖော်ကိုင်ဖက်ဟောင်းက ပြော

ဓါးစာခံရှာပြီး သေဒဏ်ပေးခြင်းဟု လုပ်ဖော်ကိုင်ဖက်ဟောင်းက ပြော
၂၀၀၁ ခုနှစ်ကအငြင်းပွါးဖွယ် ရဟတ်ယာဉ် ပျက်ကျ သေဆုံးသွားခဲ့သော နအဖ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ပတ်သက်သည့် အတိတ်က လျှို့ဝှက်ချက် များကို အစ ဖျောက်လိုသဖြင့်...

၂၀၀၁ ခုနှစ်ကအငြင်းပွါးဖွယ် ရဟတ်ယာဉ် ပျက်ကျ သေဆုံးသွားခဲ့သော နအဖ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ပတ်သက်သည့် အတိတ်က လျှို့ဝှက်ချက် များကို အစ ဖျောက်လိုသဖြင့် အရာရှိ နှစ်ဦးကိုလွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းဟောင်းတဦးက မြန်မာ စစ်အစိုးရကို စွပ်စွဲ ပြောကြားလိုက်ပါသည်။

ထိုသူနှစ်ဦးကို စစ်အစိုးရ ဝန်ကြီး နှစ်ဦး၏ နိုင်ငံခြား ခရီးစဉ်များနှင့် မြန်မာနိုင်ငံတွင် တည်ဆောက် နေသော မြေအောက် ဥမင်ကွန်ရက်များ အကြောင်း အသေးစိတ် အချက်အလက်များ ပေါက်ကြားစေခဲ့မှုဖြင့် စွပ်စွဲ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခံခဲ့ရသူ နှစ်ဦးက မြန်မာ စစ်အစိုးရ စွပ်စွဲသည့်အတိုင်း လျှို့ဝှက်ချက်များ ပေါက်ကြားစေခဲ့သည် ဆိုသည်ကို သူမယုံကြည် ကြောင်းဖြင့် ကမ္ဘောဒီးယား နိုင်ငံ မြန်မာသံရုံးမှ သံအမှုထမ်းဟောင်း တဦးဖြစ်သူ ဦးစိန်လွင်က မဇ္ဈိမနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

ဦးစိန်လွင် (အသက် ၃၅ နှစ်) သည် ၂၀၀၄ ခုနှစ်အထိ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြန်မာသံရုံးတွင် ဌာနခွဲ ၂ ၏ ဌာနခွဲမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းရယူခြင်းနှင့် မြန်မာစစ်တပ်သို့ အစီရင်ခံခြင်းများကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

သို့သော် ယမန်နှစ်က ထိုသို့ ဖမ်းဆီးချိန်တွင် သူသည် မြန်မာနိုင်ငံတွင် ရှိနေခြင်း မရှိပါ။ တွေ့ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက်များကို ဖော်ပြလိုက်ပါသည်။

မေး။ လျှို့ဝှက် စာရွက်စာတန်းတွေ ပေါက်ကြားတယ်ဆိုပြီး အရာရှိနှစ်ဦးကို မကြာသေးခင်က သေဒဏ် ပေးလိုက်တဲ့အပေါ်မှာ ခင်ဗျား ဘယ်လို ယူဆပါသလဲ။

ဖြေ။ စရဖ (စစ်ဖက်ရေးရာလုံခြံုရေးအဖွဲ့ - MAS) အကြီးအကဲက ၂ဝဝ၉ ခုနှစ်ဂျူလိုင်လက စပြီး နေပြည်တော်မှာ အသစ်ခန့်အပ်ထားတဲ့ ထောက်လှမ်းရေးအရာရှိတွေကို သတင်းပေါက် ကြားမှုနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းဖော်ထုတ်ဘို့ညွှန်ကြားထားတယ်။

ဒီထောက်လှမ်းရေးအရာရှိအသစ်တွေကလဲ စရဖ  အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကျေနပ် အောင် ယာယီဘဲဖြစ်ဖြစ် ဓါးစာခံတွေရှာပြဘို့လိုလာတယ်။ ဒီလို သတင်း ပေါက်တာဒီလူတွေ ကြောင့်ဘဲဆိုတာလုပ်ပြလိုက်ရင် နိုင်ငံခြားရေးဌာနတွင်း သံရုံးဝန်ထမ်းအပြောင်းအရွှေ့သ တင်းတွေလဲ နောင်ကိုထွက်တော့မှာ မဟုတ်ဘူးလို့ ထင်တာ။

ဒီနှစ်ယောက်ကို သေဒဏ်ပေးလိုက်ရင်နောက်လူတွေလဲလုပ်ရဲတော့မှာမဟုတ်ဘူးလို့ အာဏာရှင် တွေက မျှော်လင့်နေတာ။ ဒါပေမဲ့  ကြည့်ပါ ဒီအစိုးရ အပြောင်း အလဲဖြစ်တဲ့ အထိ မီဒီယာပေါ်မှာ သတင်းတွေ ဓါတ်ပုံတွေ နောက်ထပ် အနှေးနဲ့အမြန်ဆိုသလိုဘဲ တက်လာဦးမှာဘဲ။  

မေး။ ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော် အကြောင်း ကျနော်တို့ကိုပြောပြပေးနိုင်မလား။ သူဘယ်လိုအဖမ်းခံခဲ့ရတယ်ဆိုတာရောပေါ့။

ဖြေ။ သူက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာအလုပ် လုပ်နေတာပါ။ သူ့ကိုခြေရာခံမိသွားတာ က ကမ္ဘောဒီးယားမြန်မာသံရုံး စစ်သံမှူးရုံးက ဗိုလ်မှူးချုပ်သန်းဟန်ပဲ။ သူက သူခုလိုစောင့် ကြည့်ခံနေရတယ် ဆိုတာမသိဘူး။ ဒီပေါက်ကြားသွားတဲ့သတင်းတွေသာမကဘူး။ သူ့ဆရာ နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဆိုသည့် စစ်အစိုးရ၏တရားဝင်အမည်၊ နောင်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ ဟု အမည်ပြောင်းသည်) ရဲ့ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး တင်ဦး ၂ဝဝ၁ ခုနှစ်ကလုပ်ကြံခံရတယ်ဆိုတာကို သူက သိထားတယ်။

ဒီတော့ဗိုလ်ချုပ်ကြီးတွေက ဒီတခါ ခဲတလုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာ ပေ့ါ။ ဝင်းနိုင်ကျော်  ဒီမိုကရေစီ ဘက်ကိုဘက်ပြောင်းပြီး တနေ့မှာ ဒီလုပ်ကြံမှုကြီးအကြောင်း ဖော်ရင် လက်ရှိဗိုလ်ချုပ်ကြီးတွေ တပ်တွင်း မျိုးဆက်သစ်တွေ ကြားထဲမှာ ထောက်ခံမှုရတော့မှာ မဟုတ်ဘူး။

သူက ၂ဝဝ၉ ဒီဇင်ဘာလဆန်းမှာပြန်လာတာ။ စရဖ က သူ့ကိုရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာဘဲ ဖမ်းလိုက်တာ။ ရိုးရိုးသားသားပြောရရင် အဲဒီအချိန်က ကျနော်မြန်မာပြည်မှာ မရှိပါဘူး။ ဒါပေမဲ့ ကျနော့် အဆက်အသွယ်တွေ ဆီကသတင်းအရဆိုရင် သူ့ဆီက လှိုဏ်ခေါင်းပုံတွေ စရဖ က တွေ့တယ်ပြောတယ်။ ဒါပေမဲ့ တကယ့်အဖြစ်က အတွင်း ရေးမှူး (၂) ရဲ့ ပိုအရေးကြီးတဲ့ ပိုလျှို့ ဝှက်တဲ့ဖိုင်တွေက သူ့ခရီးဆောင် ကွန်ပျူတာထဲမှာ ရှိနေတာ။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးတွေက ဒီကိစ္စ တွေကို ပြဿနာ ပိုမကြီး စေချင် ဘူးလေ။

မေး။ ပြည်ပမီဒီယာကို လျှို့ဝှက်ဖိုင်တွေ ပို့ခဲ့တာ သူမဟုတ်ဘူးလို့ ခင်ဗျား ဘယ်လိုပြောနိုင်လဲ။

ဖြေ။ ဝင်းနိုင်ကျော်က နိုင်ငံခြားရေး ဝန်ကြီးဌာနက မဟုတ်ပါဘူး။ သူ့နောက်ဆုံး ရာထူးက အမျိုးသား စီမံကိန်း ဝန်ကြီးဌာနမှာ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး။ သူဒီရာထူးက နေ ၂ဝဝ၄-၂ဝဝ၅ တဝိုက်လောက်မှာ ထွက်သွားပြီး ကုလသမဂ္ဂ အေဂျင်စီတခုမှာ အလုပ်ရတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ လုပ်ရိုး လုပ်စဉ် အတိုင်းဆိုရင် အမှုတွဲတွေက ကကကြည်း (ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဦးစီးချုပ်ရုံး) ရယ် ကက(လှမ်း) (ကာကွယ်ရေးဌာန ထောက်လှမ်းရေးမှူးချုပ်ရုံး)၊ နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ရုံးချုပ်တို့ကို မိတ္တူပို့ရတယ်။ ဥပမာ ဂျွန်ယက်တောအမှုတွဲမျိုးဆို အစိုးရ ဌာနဆိုင်ရာတွေ ကြားထဲမှာ ဖြန့်ရတယ်။

မေး။ စစ်အစိုးရက သေဒဏ်ပေးတာ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော် တယောက်ထဲ မဟုတ်ဘူး။ နိုင်ငံခြားရေး ဝန်ကြီးဌာနက စာရေး ကိုသူရကျော်ကိုပါ အပြစ်ပေးတာ။ ဒီတော့ ဒီသတင်းဖိုင်တွေက ကိုသူရကျော်ဆီက လာတာ ဖြစ်နိုင်တာပေါ့။ ခင်ဗျား ဒီကိစ္စကို ဘယ်လို ပြောမလဲ။

ဖြေ။ ဒီအမှုတွဲဖိုင်က ကိုသူရကျော် ရုံးခန်းကလာတာဖြစ်ပေမဲ့ မိတ္တူတွေက တခြားအစိုးရဌာနနဲ့ အေဂျင်စီတွေမှာလည်း ရှိနေတာဘဲ။ နေပြည်တော်မှာက အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးနိုင်တယ်။ ဒီတော့ ကကကြည်းနဲ့ ကကလှမ်းကိုလဲ သူတို့ ထည့်စဉ်းစားဘို့ လိုတာဘဲ။ ကာကွယ်ရေးဌာနက တယောက်ယောက်ကလဲ ဒါကို အလွယ်လေး ပို့လိုက်လို့ ရတာဘဲ။ ဒီအမှုမှာ ကိုသူရကျော်ရဲ့ဖိုင်တွေ ဗိုလ်မှူး ဝင်းနိုင်ကျော် ခရီးဆောင် ကွန်ပျူတာထဲက တွေ့တယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ ဒါပေမဲ့လဲ စရဖက ထိန်းချုပ်ထားတဲ့ စစ်အစိုးရရဲ့ တရားရုံးမှာ သူတို့ကိုယ် သူတို့ ကာကွယ်နိုင်ကြမှာ မဟုတ်ပါဘူး။ ဘယ်လောက် တန်ဘိုးပေးရပေးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အတိတ်က အဖြစ်တွေကို အစ ဖျောက်ပစ်ချင်နေတာ။ ဒီတခါတော့ ခရီးဆောင် ကွန်ပျူတာထဲက ဖိုင်တွေက တရားရုံးမှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ဖြစ်သွားတော့တာပေါ့။

မေး။ သူတို့ကို ဘယ်မှာ ထိန်းသိမ်းထားခဲ့တယ်ဆိုတာ ခင်ဗျားသိသလား။ ဒီတရားရုံးတင်စစ်ဆေးတဲ့ အကြောင်းကိုကော ခင်ဗျားသိသလား။

ဖြေ။ ဖမ်းမိမိချင်း စရဖ ဌာနချုပ်ကို အစီရင်ခံတယ်၊ ပြီးတော့ စစ်ကြောရေးအတွက် ရေကြည်အိုင်ကို ပို့တယ်။ အမိန့်မချခင်မှာ အင်းစိန်ထောင်ကို သူ့ကို ပို့တယ်။ စစ်တဲ့ရုံးကတော့ အင်းစိန်မြို့နယ် ရွှေပြည်သာလမ်းမှာရှိတဲ့ ရန်ကုန်မြောက်ပိုင်း ခရိုင်ရုံးပါ။

မေး။ အတွင်းရေးမှူး (၂) လုပ်ကြံခံရတယ်ဆိုတဲ့ အထောက်အထားဘာရှိသလဲဗျ။

ဖြေ။ ကျနော် ၂ဝဝ၂ ခုနှစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မှုခင်း စုံစမ်းထောက်လှမ်းရေး (CID) သင်တန်း တက်နေတုံး ဗိုလ်မှူး ဝင်းနိုင်ကျော်လဲ လာတက်တယ်။ ကျနော်တို့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန်က ရဟတ်ယာဉ်မောင်းနှင်သူ ပိုင်းလော့ကို သံလွင်မြစ်ထဲက ဆယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ကို ပစ်သတ်ခဲ့တယ်။

မေး။ ပိုင်းလော့ကိုဘယ်သူသတ်တာလဲဗျ။

ဖြေ။ ဒါတော့မသိဘူး။ ဖြစ်နိုင်တာ စစ်ထောက်လှမ်းရေးနဲ့ စစ်တပ် တခုခုပဲ။ အာဏာပိုင်တွေက အစိုးရ သတင်းစာတွေမှာ နာရေး ကြော်ငြာထည့်ခွင့် မပေးခဲ့ဘူး။ အဲဒီအချိန်က တွင်း ၂ တင်ဦးရဲ့သား ဇော်ထွန်းဦးက နိုင်ငံခြားရေး ဝန်ကြီးဌာနမှာဘဲ ရှိသေးတယ်။ သူနဲ့ကျနော်နဲ့က ဖောင်ကြီး (အစိုးရ ဝန်ထမ်းများ အတွက်သင်တန်း) မှာ ၁၉၉၈ ခုနှစ်က အပတ်စဉ်တခုထဲ အတူတူ တက်ခဲ့ကြတာ။ သူ့အပြောအရ အဲဒီအချိန်တုံးက သူ့အဖေနဲ့ မောင်အေး၊ ခင်ညွန့် တို့ ကြားမှာ အာဏာအားပြိုင်မှု အတော် ကြီးမားခဲ့တယ်လို့ဆိုတယ်။

မေး။ ခင်ဗျား ဘာဖြစ်လို့ ခုလို ကူးပြောင်းဘို့ ဆုံးဖြတ်ခဲ့တာလဲ။ လတ်တလော အကြောင်းတွေက ဘာတွေလဲဗျ။

ဖြေ။ ဗိုလ်မှူးဝင်းနိုင်ကျော်က သူ စောင့်ကြည့်ခံနေရပြီ ဆိုတာရယ်၊ သူ့ကို နာမည်ပျက် စာရင်း သွင်းထားပြီ ဆိုတာရယ်ကို မသိဘူး။ သူသာသိခဲ့ရင် ဗမာပြည်ကို ပြန်မှာမဟုတ်ဘူး။ ကျနော်ကတော့ ကျနော်ရယ် နောက်တခြား ဝန်ထမ်းဟောင်းတွေရယ်ကို နာမည်ပျက် စာရင်းသွင်းထားပြီ ဆိုတာသိတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံကို ချစ်ပေမဲ့ ကူးပြောင်းဘို့ ဆုံးဖြတ်ခဲ့ရတာဘဲ။ တိုင်းပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီရတဲ့နေ့ လုံခြံုစိတ်ချရတဲ့နေ့မှာ ကျနော်ဗမာပြည်ကို ဂုဏ်ယူဝ့ံကြွားစွာ နဲ့ပြန်မှာပါ။

မေး။ စစ်အစိုးရရဲ့ နျူကလီးယား ရည်မှန်းချက်ကို ခင်ဗျား ဘယ်လို ထင်မြင်ယူဆပါသလဲ။

ဖြေ။ အီရတ်မှာလို အမေရိကန်က ဝင်တိုက်မှာကို စစ်အစိုးရက တကယ်ကြောက်နေတာပါ။ နျူကလီးယား လက်နက် ပိုင်ဆိုင်ပြီး စစ်ရေး အင်အား ကြီးထွားလာမယ်ဆိုရင် နိုင်ငံရေးအရလဲ အင်အားရှိလာမယ်၊ အမေရိကန်ကလဲ စစ်အစိုးရကို ဝင်တိုက်မှာ မဟုတ်ဘူးလို့ ယူဆထားတာ။  

မေး။ ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်နဲ့ ပတ်သက်လို့ ခင်ဗျား ဘာတွေ သိထားပါသလဲ။

ဖြေ။ စစ်အစိုးရက ၁၉၉၀ တုံးကလို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမျိုး လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွ့ံဖြိုးရေးအဖွဲ့ကဘဲ အများစုနိုင်မှာဘဲ။ ဒီတော့စစ်အစိုးရက ခဲတလုံးထဲနဲ့ ငှက် သုံးကောင် ပစ်ချပြီးသား ဖြစ်သွားတာပေါ့။ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလဲ ပယ်ဖျက်ပြီး ဖြစ်သွားမယ်၊ တိုင်းရင်းသား အဖွဲ့တွေကိုလဲ လက်နက်ဖြုတ်ပြီးသား ဖြစ်သွားမယ်။

မေး။ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဘို့ရယ်၊ အပစ်ရပ်အဖွဲ့တွေရယ်နဲ့ ပတ်သက်လို့ ဘာ အစီအစဉ်တွေ ရှိတယ်ဆိုတာ ခင်ဗျားသိသလား။

ဖြေ။ အပစ်ရပ်အဖွဲ့တွေက ဗိုလ်ချုပ်ကြီးတွေရဲ့ ရေရှည် စီမံကိန်း ထောင်ချောက်ထဲမှာ မိနေပြီးသားဖြစ်နေပြီ။ ဒါက အရင်ထောက်လှမ်းရေး အကြီးအကဲဟောင်း ခင်ညွန့် လုပ်ခဲ့တဲ့ အစီအစဉ်ပါ။ စစ်တပ်လက်အောက်မှာ နယ်ခြားစောင့်တပ် ဖွဲ့ရေးအစီအစဉ်ဟာ ၅ နှစ်အတွင်းဒီလက်နက် ကိုင်အဖွဲ့တွေကို ဖျက်ဆီးပစ်ဘို့ နည်းပရိယာယ်ပါဘဲ။ ၅ နှစ်ကြာရင် နယ်ခြားစောင့်တပ်ဖွဲ့ ဆိုတာရှိတော့မှာ မဟုတ်ဘူး။ မြန်မာစစ်သားတွေက တဖြေးဖြေး ဝင်အစားထိုး နေရာယူသွားမှာဘဲ။

မေး။ မြောက်ကိုရီးယားနိုင်ငံနဲ့ မြန်မာ စစ်အစိုးရအကြား ဆက်ဆံရေး အခြေအနေကိုကော ခင်ဗျား ဘယ်လိုထင်ပါသလဲ။ မြန်မာနို်င်ငံမှာ မြောက်ကိုရီးယားနိုင်ငံက လုပ်နေတဲ့ စီမံကိန်းတွေ ဘာရှိလဲ။

ဖြေ။ နှစ်နိုင်ငံစလုံးက နိုင်ငံတကာမှာ နိုင်ငံရေးအရ အထီးကျန် ဖြစ်နေတာ။ မြန်မာ စစ်ထောက်လှမ်းရေး တွေကို သင်တန်းပေးတာရော၊ နျူကလီးယား စီမံကိန်းတွေရော အများကြီးရှိတယ်။ လျှို့ဝှက်စာရွက်စာတန်းတွေခင်ဗျားဖတ်ပြီးရောပေါ့၊ အဲဒါတွေဟာ အမှန်တွေပါပဲ။