လူငယ်များအတွက် အခမဲ့ (Photo Training) ဓါတ်ပုံသင်တန်း

လူငယ်များအတွက် အခမဲ့ (Photo Training) ဓါတ်ပုံသင်တန်း
by -
ခတ္တာနန်း
လူငယ်များအတွက် အခြားသင်တန်းနှင့်မတူဘဲ စိတ်ဝင်စားစရာ အခမဲ့ (photo training) ဓါတ်ပုံသင်တန်းကို ဆရာကြီးဦးမောင်မောင်စိုး ဦးဆောင်၍ ဇန်နဝါရီလအကုန်တွင် ရန်ကုန်မြို့၌...

လူငယ်များအတွက် အခြားသင်တန်းနှင့်မတူဘဲ စိတ်ဝင်စားစရာ အခမဲ့ (photo training) ဓါတ်ပုံသင်တန်းကို ဆရာကြီးဦးမောင်မောင်စိုး ဦးဆောင်၍ ဇန်နဝါရီလ အကုန်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်မည်ဟု သိရသည်။

ပညာအရည်အချင်းကို အဓိက မထားဘဲ အသက် ၁၈ နှစ်အထက်နှင့် အသက် ၃၀ အောက်လူငယ်များဖြစ်သော ကိုယ်ပိုင်ကင်မရာ ရှိသူများကိုသာ သင်တန်းသားအဖြစ် လက်ခံသွားမည်ဖြစ် ကြောင်း သိရသည်။

ဘာကြောင့် ဒီသင်တန်းကို ဖွင့်ရတာလည်းဆိုတော့ အဓိကကတော့ ဓါတ်ပုံပညာရပ်ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက်ရယ်၊ နောက်ပြီး ဒီသင်တန်းပြီးလို့ သူတို့တွေ အလုပ်ကိုယ်စီ လုပ်နိုင်ကြမယ်လေ၊ လေလွင့်တဲ့စိတ်တွေလည်း မရှိတော့ဘူး၊ အလုပ်ရှိတော့ စိတ်ငြိမ်တာပေါ့” ဟု ဆရာကြီးဦးမောင်မောင်စိုးက ပြောသည်။

ယခု ဇန်နဝါရီလ အစောပိုင်းတွင်ပင် ဆက်သွယ်လာသည့် သင်တန်းသား (၁၀) ဦးကျော် ရှိသော်လည်း ကိုယ်ပိုင်ကင်မရာ ရှိသော သင်တန်းသား ၆ ယောက်ကိုသာ လက်ခံထားကြောင်း၊ သင်တန်းကို ရက်အကန့်အသတ်မရှိ သင်ပေးသွားမည်ဖြစ်ကြောင်းနှင့်  သင်တန်း တစ်ကြိမ်လျှင် သင်တန်းသား အယောက် ၂၀ ကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း သူက ပြောသည်။

ဆက်လက်၍ ၎င်းက “သင်တန်းကိုတော့ အခန်းတွင်း သင်ယူတဲ့ပုံစံ မဟုတ်ဘဲ လက်တွေ့ သင်သွားမယ်၊ ဥပမာ အနေနဲ့က ပန်းခြံတွေမှာ၊ ကန်တော်ကြီးတွေမှာ၊ ရှုတင်ရှိတဲ့နေရာ တွေမှာ ဆရာနဲ့လိုက်ပြီး သင်ယူရမယ်ပေါ့၊ မတတ်မချင်းကို သင်ပေးသွားမယ်” ဟု ဆိုသည်။

သင်တန်းပြီးဆုံးသွားပါက သင်တန်းသားများကို အဖွဲ့ Agency အနေနှင့် ဖွဲ့စည်းပေးပြီး ဘွဲ့နှင်းသဘင်၊ မင်္ဂလာအခမ်းအနား၊ ဧည့်ခံပွဲ၊ မွေးနေ့ပွဲများနှင့် အခြား အခမ်းအနား များကိုလည်း ကန်ထရိုက်ယူပြီး ရိုက်ကူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသားအားလုံး သင်တန်းပြီးဆုံးပါက မိမိနှစ်သက်ရာ သတင်း၊ ဂျာနယ်နှင့် အခြားသော ကိုယ်ပိုင်စီပွားရေးများကို မိမိစိတ်ကြိုက် ရွေးချယ်နိုင်သည့်အပြင် Agency အတွင်းတွင်လည်း လုပ်ဆောင်သွားနိုင်ကြောင်း သိရပါသည်။

Agency ပေါ်လာပြီးသည့် နောင်တစ်ချိန်တွင် ဓါတ်ပုံပညာကို စိတ်ဝင်စားပြီး ကိုယ်ပိုင်ကင်မရာ မဝယ်ယူနိုင်သည့် သူများကို ဆက်ပြီးလက်ခံသွားမည်ဟုလည်း ဆရာကြီးဦးမောင်မောင်စိုးက ပြောသည်။