ချင်းမိုင်(မဇ္စျိမ)။ ။ စစ်အစိုးရအဖွဲ့ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗို်လ်ချုပ်မှူးကြီး မောင်အေးသည် မနက်ဖြန်တွင် နာဂစ် မုန်တိုင်းသင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း စစ်ဘက် သတင်းရပ်ကွက်များက ပြောသည်။
ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် နာဂစ် မုန်တိုင်းတိုက်ပြီးနောက် ဒုတိယအကြိမ် သွားရောက်သည့် ခရီးစဉ်အတွင်း ကျုံဒါးအပါအဝင် ဆိုင်ကလုံး ခိုလှုံရာ အဆောက်အဦးများ ဆောက်လုပ်နေမှုကို စစ်ဆေးရန် သွားမှာဖြစ်သည်ဟု ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နာဂစ်ဒေသသို့ သွားရောက် စစ်ဆေးခဲ့သော နေရာများကိုပင် အဓိက ဦးတည် သွားရောက်ခြင်း ဖြစ်သည်ဟု သိရသည်။
နိုဝင်ဘာလဆန်း ၂၀၀၉ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြစ်ဝကျွန်းပေါ် တနှစ်တခေါက် ခရီးစဉ်၏ ဒုတိယအကြိမ်တွင် ဆိုင်ကလုံး ခိုလှုံရာ အဆောက်အဦးများ၊ စာသင်ကျောင်းများ၊ အစိုးရရုံးများ အပါအဝင် နိုင်ငံပိုင် စီမံကိန်းများ အားလုံး မတ်လ ၃၁ ရက်နေ့အပြီးသတ်ရန် မှာကြားထားခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးခရီးစဉ်မှာ မပြီးပြတ်နိုင်သေးသော စီမံကိန်းများ အပြတ်ဖြတ်ရေး တိုက်တွန်းရန် ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။
အေးရှားဝေါလ်၊ ရွှေသံလွင်၊ ထူးထရိတ်ဒင်း၊ တီဇက်တီအမ် အပါအဝင် စစ်အစိုးရ၏ လူရင်း လုပ်ငန်းရှင်များ၏ ကုမ္ပဏီများက တာဝန်ယူ တည်ဆောက် နေကြရသည်။
ယခု စီမံကိန်းသည် မထိရောက်ဟု ဝေဖန်မှုများလည်းရှိသည်။ ၂၀၀၈ ခုနှစ် မေလအတွင်း လူ ၁ သိန်း လေးသောင်းခန့် သေကြေပျောက်ဆုံးခဲ့ရသော နာဂစ် ဆိုင်ကလုံး မုန်တိုင်းလို ပမာဏရှိသော ဆိုင်ကလုံး ဖြစ်လာလျှင် ခိုလှုံရာ အဆောက်အဦးများ ပိုလိုအပ်လိမ့်မည်ဟု ဝေဖန်သူများက ဆိုသည်။
ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် သူနှင့် အထက်အောက် ရင်းနှီးစွာ နေခဲ့ဖူးသော ဒုတိယ ဗိုလ်ချုပ်ကြီး မြသင်း နာရေးကြောင့် နေပြည်တော်မှသည် ရန်ကုန်သို့ ရောက်ရှိနေခဲ့သည်။
ယခင် ပြည်ထဲရေး ဝန်ကြီးဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြသင်း (အသက် ရ၉ နှစ်) သည် ဇန်နဝါရီလ ၄ ရက်နေ့က ကွယ်လွန်သွားသည်။