ရဲထောက်လှမ်းရေးက NLD အမတ် ဆွေမျိုးများကို ဓါတ်ပုံရိုက်

ရဲထောက်လှမ်းရေးက NLD အမတ် ဆွေမျိုးများကို ဓါတ်ပုံရိုက်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် NLD အမတ် ဦးမောင်ကြွင်းအောင်၏ ဇာတိကျေးရွာသို့ ရဲအထူးတပ်ဖွဲ့ တဖွဲ့ရောက်ရှိလာပြီး ဦးမောင်ကြွင်းအောင်၏ ဆွေမျိုးများအားလုံးကို ဓါတ်ပုံ ရိုက်ယူသွားသည်ဟု အမည်မဖေါ်လိုသူ ကျေးရွာသား...

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် NLD အမတ် ဦးမောင်ကြွင်းအောင်၏ ဇာတိကျေးရွာသို့ ရဲအထူးတပ်ဖွဲ့ တဖွဲ့ရောက်ရှိလာပြီး ဦးမောင်ကြွင်းအောင်၏ ဆွေမျိုးများအားလုံးကို ဓါတ်ပုံ ရိုက်ယူသွားသည်ဟု အမည်မဖေါ်လိုသူ ကျေးရွာသား တဦးက ပြောသည်။

“သူတို့လာတာက ဒီဇင်္ဘာလ ၁၆ ရက်နေ့က ဖြစ်ပါတယ်။ ရွာမှာရှိနေတဲ့ သူ့မိသားစု အဖွဲ့ဝင်တွေကို ခေါ်ထုတ်ပြီး တယောက်ပီး တယောက် ဓါတ်ပုံရိုက်ယူသွားခဲ့ပါတယ်။ ဘာကြောင့် ခုလို ဓါတ်ပုံရိုက်တယ်ဆိုတာကိုတော့ သူတို့က ထုတ်ဖေါ်ပြောဆိုသွားတာ မရှိပါဘူး။”

NLD အမတ် ဦးမောင်ကြွင်းအောင်မှာ ရသေ့တောင်မြို့နယ် မစဲကျွန်းရှိ မင်းကန်းချောင်း ကျေးရွာဇာတိ ဖြစ်သည်။

“ဦးမောင်ကြွင်းအောင်က အခု သမီးမိသားစုနဲ့ အတူ စစ်တွေမှာ နေထိုင်နေပါတယ်။ သူမင်းကန်းချောင်းမှာ မနေတာက ကြာပါပြီ။ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ အခု သူ့ရဲ့ ဆွေမျိုးတွေကို ရဲက လာပြီး ဓါတ်ပုံလာရိုက်တယ်ဆိုတော့ မိသားစုတွေက ကြောက်နေကြပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ဓါတ်ပုံ လာရိုက်သော အဖွဲ့မှာ ရသေ့တောင် ရဲစခန်းမှ ဖြစ်ပြီး ဦးမောင်ကြွင်းအောင် ယောက်ဖ တော်စပ်သူ ဦးမောင်လှ မိသားစု အပါအဝင် တခြား ညီမတော်စပ်သူ ညီအစ်ကို တော်စပ်သူများကိုပါ ဓါတ်ပုံ ရိုက်ယူသွားသည်ဟု သိရသည်။

ရဲအဖွဲ့နှင့် နီးစပ်သူ တဦးက “ယခုကဲ့သို့ ဓါတ်ပုံ ရိုက်ယူရခြင်းကို ကို်ယ်တိုင် ဓါတ်ပုံလာရိုက်သော ရဲတပ်ဖွဲ့ဝင်များလည်း တိတိကျကျ မသိရကြောင်းနှင့် အထက်က ညွန်ကြားချက်အရ လာရောက် ရိုက်ယူခြင်း ဖြစ်ကြောင်း” ပြောသည်။

ဦးမောင်ကြွင်းအောင်မှာ ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲ ပြီးကတည်းက နအဖ စစ်အာဏာပိုင်များ၏ ပါတီမှ နုတ်ထွက်ရန် ဖိအားပေးမူကို ခံနေရပြီး ထိုကဲ့သို့ ဖိအားပေးမူကို ရှောင်ကွင်းလိုသဖြင့် ယခုအခါ စစ်တွေမြို့တွင် သမီးမိသားစုနှင့် အတူ နေထိုင်နေသည်ဟု သိရသည်။

ရသေ့တောင် ချောင်းဝ ရပ်ကွက်မှ အမည် မဖေါ်လိုသူ တဦးကလည်း “သူက NLD က နုတ်မထွက်တော့ စစ်အာဏာပိုင်တွေက သူရဲ့ ဆီရောင်းဝယ်ရေး လုပ်ငန်းတွေကို ပိတ်ပင်တယ်။ သူ့ကို အမျိုးမျိုး နှောင့်ယှက်တယ်။ ယုတ်စွ အဆုံး စစ်တွေ- ရသေ့တောင် ကားလမ်းကို မပြုလုပ်တာဟာ ရသေ့တောင်မှာ NLD အမတ် ဦးမောင်ကြွင်း ရှိနေတဲ့ အတွက်ကြောင့် ဖြစ်တယ်ဆိုပီး ၀ါဒဖြန့်ကာ မြို့လူထုနဲ့ ဦးမောင်ကြွင်းအောင်ကို ရန်တိုက်ပေးတယ်။ နောက်ဆုံးတော့ သူလည်း ဆက်မနေနိုင်တာနဲ့ ရသေ့တောင်ကို စွန့်ခွာပြီး စစ်တွေကို ပြောင်းသွားရတယ်” ဟုပြောသည်။

ယခုကဲ့သို့ ဦးမောင်ကြွင်းအောင် ဇာတိကျေးရွာသို့ ရဲအထူးအဖွဲ့မှ လာပြီး မိသားစုများအား ဓါတ်ပုံ ရိုက်ယူသွားခြင်းနှင့် ပတ်သက်ပြီး လူအများက အမျိုးမျိုးထင်ကြေးပေး ဝေဖန် ပြောဆို လျှက်ရှိသည်ဟု သတင်း ရရှိသည်။

Most read this week