စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ လုပ်မည်ဟု ထပ်မံပြော

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ လုပ်မည်ဟု ထပ်မံပြော
by -
ဖနိဒါ
၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ကြောင်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၆၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့တွင် ကတိပြု ပြောကြားလိုက်ပြန် ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ကြောင်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၆၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့တွင် ကတိပြု ပြောကြားလိုက်ပြန်သည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဝဏ်လွှာတွင် “ယခုနှစ် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပရေးအတွက် စီမံ ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား ပြည်သူတရပ်လုံးက မှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်ကြရမည်” ဟု ဖော်ပြထားသည်။

ထို့အပြင် နာဂစ်မုန်တိုင် းတိုက်ပြီးခါစတွင် အဓမ္မ အကောင်အထည်ဖော် အတည်ပြုခဲ့သော အငြင်းပွားဖွယ်ရာ အခြေခံ ဥပဒေသည် တခဲနက်ထောက်ခံမှု ရရှိခဲ့သည်ဟုဆိုကာ ပြည်သူတရပ်လုံး အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်ထွန်းရေး လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။

"နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် ရ ရပ်သည် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးအဖြစ် ကူးပြောင်းရေးသို့ တခုတည်းသော နည်းလမ်းဖြစ်သည်နှင့်အညီ အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ” ဟု ပါရှိသည်။

သို့သော် ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ရေးကိုမူ ရေငုံ နှုတ်ပိတ်နေဆဲ ဖြစ်သည်။

ထိုစဉ်တွင် အတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၆၃ နှစ်ကြာ စိုးမိုးခဲ့သည့် ဗြိတိသျှ ကိုလိုနီလက်အောက်မှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးချုပ်တွင် ကျင်းပခဲ့သည်။

“အဓိက တောင်းဆိုတာ ညီညွတ်ရေးပဲ။ တိုင်းပြည်၏ အရေးကို  ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ စာနဲ့ အကြောင်းကြားထားတယ်” ဟု ပါတီ၏ ပြောခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

စစ်အစိုးရ အနေဖြင့် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ ရဟန်းသံဃာများ၊ နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေးတို့ ထပ်မံ တောင်းဆိုလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခွဲများကို ဖွင့်လှစ်ပေးရန်နှင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် စစ်အစိုးရက ဖျက်သိမ်းထားသည့် တိုင်းရင်းသား နိုင်ငံရေးပါတီ ရုံးများကို ပြန်လည်ဖွင့်ခွင့်ပေးရန်နှင့် လွတ်လပ်စွာ စည်းရုံးခွင့်ပေးရန်လည်း ပါရှိသည်။

အန်အယ်ဒီ ရုံးချုပ်တွင် ကျင်းပသည့် အခမ်းအနားသို့ ဝါရင့် နိုင်ငံရေးသမားများ၊ အဖွဲ့ချုပ်ဝင်များ လူဦးရေ ၁၅၀၀ ခန့် တက်ရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရန် ရည်ရွယ်ကာ အလုပ်အမှုဆောင် အဖွဲ့ဝင်များက ချိုးငှက်များကို လွှတ်ခဲ့ကြောင်း သိရသည်။

ဝါရင့် နိုင်ငံရေးသမားကြီးများကလည်း ရန်ကုန်တွင် လွတ်လပ်ရေး အခမ်းအနားတရပ် ပြုလုပ်ခဲ့ရာ
လွတ်လပ်ရေး အနှစ်သာရအဖြစ် ငြိမ်းချမ်းရေး ရရန်အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို လုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။

“ကျနော်တို့က လွတ်လပ်ရေး ရတာပဲ ရှိသေးတယ်။ လွတ်လပ်ရေးရဲ့ အနှစ်အရသာက ငြိမ်းချမ်းရေး ရမှပေါ့နော်။ အခုထိ မငြိမ်းချမ်းသေးဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဂိုင်းဂဏ ဝါဒစွဲ သံသယ အာဃာတနဲ့ သွားနေတာ။ မငြိမ်းချမ်းမချင်း ငြိမ်းချမ်းရေးကို ရဖို့က အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ဖို့ပဲ ရှိတယ်” ဟု ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် တဦးဖြစ်သူ ဦးခင်မောင်ကြည်က မဇ္ဈိမကို ပြောသည်။

Most read this week