ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ နိုင်ငံရေးပါတီအဖြစ်ပြောင်းရန် ၁၆ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး၌ သီးသန့်လျှို့ဝှက် ဆွေးနွေးခဲ့သော်လည်း တရားဝင်သတင်း ထုတ်ပြန်ခြင်းမရှိဟု ပြည်တွင်းသတင်းရပ်ကွက်က ပြောပါသည်။
“နိုဝင်ဘာ ၂၇ ရက် က အစည်းအဝေးစလုပ်တာ။ နှစ်ပတ်လည်ဆိုတော့ တပြည်လုံးအတိုင်းအတာပေါ့၊ အနည်းဆုံး တမြို့ နယ် ကြံ့ဖွတ်ကိုယ်စားလှယ်တယောက် သွားတက်ရတယ်။ နိုင်ငံရေးပါတီအဖြစ် ဒီ ၃-၄ လအတွင်း ပြောင်းဖို့ အဆင်သင့် ဖြစ်နေပြီ” ဟု သျှမ်းပြည်အလယ်ပိုင်း မြို့နယ်ယ် ကြံ/ဖွံ့ အကြီးအကဲဖွဲ့ တစ်ဦးကပြောပါသည်။
ကြံ့/ဖွံ့နာယကဗိုလ်ချုပ်မှူးကြီးသန်းရွှေက - မိမိတို့လိုလားတောင့်တသည့် နိုင်ငံတော်ကြီးတည်ဆောက်ရေးအတွက် ကြံ့/ဖွံ့ အသင်း ဖွဲ့စည်းတည်ထောင်ခြင်း ၁၆ နှစ်ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်ရေးအတွက် လုပ်ငန်းစဉ်များနှင့်ယှဉ်တွဲပြီး အတွေ့အကြံုရင့်ကျက်ခိုင်မာနေပြီ - ဟု ပြောကြားကြောင်း နအဖ မီဒီယာများက ဆိုပါသည်။
နအဖ မီဒီယာက ဖုံးကွယ်ချန်လှန်ထားသော ဗိုလ်ချုပ်ဌေးဦး ၏ မိန့်ခွန်းမှာမူ - လူထုကို မိမိတို့အပြည့်အဝ မစည်းရုံးနိုင်သော်လည်း NLD ကို ရန်သူအဖြစ် မသတ်မှတ် သင့်ကြောင်း ဤကဲ့သို့ဆက်ပြော၏။
“ဒေါ်စု နဲ့ NLD ကိုနှိပ်ကွပ်ရင် ပြည်သူလူထုက သူတို့ကိုပိုသနားလာမယ်။ အဲလိုဆို နိုင်ငံတော်ရည်မှန်းချက်က မအောင်မြင်ဘူး။ သူတို့ကို ပြိုင်ဘက်အဖြစ်ဘဲ သဘော ထားရမှာ”
ရွေးကောက်ပွဲစည်းမျဉ်းဥပဒေအားလုံးရေးဆွဲပြီးသော်မှ - ပါတီသစ် တဖြစ်လဲ ကြံ့ဖွံ့ က ရွေးကောက်ပွဲအနိုင်ရရန် ရာနှုန်း ပြည့် ပြင်ဆင်မှု လုပ်ထားပြီးမှသာလျှင် အဆိုပါ စည်းမျဉ်းဥပဒေ ထုတ်ပြန်မည်ဖြစ်ကြောင်း - အဆိုပါ မြို့နယ်ကြံ့ဖွံ့ကိုယ်စား လှယ်က သျှမ်းသံတော်ဆင့်သို့ အခိုင်အမာပြောကြားပါသည်။
“နိုင်ငံရေးပါတီပြောင်းရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အမည်မဟုတ် တော့ဘူး။ ပြောင်းမယ့် နိုင်ငံရေးပါတီ နာမည်ကတော့ ထုတ်မပြောကြသေးဘူး။ မကြာခင် ပြောင်းတော ့မယ်လို့ဘဲကြားတယ်”- ဟု ပြောပါသည်။
နေပြည်တော်ရှိ အဆောက်အဦးသစ်များအနက် လွှတ်တော်အဆောက်အဦးပြီးလျှင် ကြ့ံဖွံ့ဗဟိုရုံးချုပ်က အထည်ဝါဆုံးဖြစ် ကြောင်း၊ ဒက္ခိဏ သီရိရပ်ကွက်တွင် ဆောက်လုပ် ထားကြောင်း ကြားသိရပါသည်။
၈ လေးလုံးအရေးအခင်း နောက်ပိုင်း ဒီမိုကရေစီအရေး လူ့အခွင့်အရေးလှုပ်ရှားသူများအား နှိပ်ကွပ်ရန် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကို ၁၉၉၃ က ဗိုလ်သန်းရွှေ ကမကထပြု ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ကြံ့ဖွံ့အသင်းမှာ ၁၉၉၆ ကျောင်းသားအရေးအခင်း၊ ၂၀၀၃ ဒီပဲယင်း အရေးအခင်း နှင့် ၂၀၀၇ သံဃာ့အရေးအခင်း များ၌ စစ်အစိုးရဘက်လုံးဝရပ်တည်ပြီး ရဟန်း ပြည်သူ ကျောင်းသားများအား အကြမ်းဖက် ရိုက်ပုပ် နှိပ်စက်သောကြောင့် ဒီမိုကရေစီအရေး/လူ့အခွင့်အရေးလှုပ်ရှားသူများက စစ်အစိုးရ လက်ကိုင်ဒုတ် လက်ပါးစေ အလိုတော်ရိ အသင်းဟုအမည် ပေးထားခဲ့သည်။