၂၀၁၀ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်း စတင်ကောက်ယူ

၂၀၁၀ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်း စတင်ကောက်ယူ
by -
မိခတ္တာနန်း၊ ဂျူရီချိုင်း
မယက နှင့် ရယကတို့ပူပေါင်းပြီး မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိကျေးရွာများနှင့် ရေးမြို့တွင် ယခုရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် အိမ်ထောင်စုစာရင်း...

မယက နှင့် ရယကတို့ပူပေါင်းပြီး မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိကျေးရွာများနှင့် ရေးမြို့တွင် ယခုရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် အိမ်ထောင်စုစာရင်း စတင်ကောက်ယူနေသည်။

စာရင်းကောက်ယူရာတွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲထည့်ရန် အသက်ပြည့်သူများစာရင်းကို လွန်ခဲ့သော နိုဝင်ဘာလမှစ၍ ကျေးရွာများတွင် စတင်ကောက်ယူနေပြီး ယခုအချိန်တွင် ရေးမြို့ပေါ်၌ စတင်ကောက်ယူလျက်ရှိသည်။

“စာရင်းယူနေတာကတော့ လွန်ခဲ့တဲ့လကတည်းကပဲ၊ မြို့ပေါ်က (မယက) လူကြီးတွေရဲ့ ညွန်ကြားချက်နဲ့ ရွာကလူကြီးတွေ ကောက်တာပဲ၊ တစ်အိမ်ဝင် တစ်အိမ်ထွက် ကောက်တယ်၊ စာရေးခအနေနဲ့ တစ်အိမ်ကို ၁၀၀၀ ကျပ် ပေးရတယ်” ဟု ဒူးယားရွာသူတစ်ဦးက ပြောသည်။

ကျေးရွာများတွင် တစ်အိမ်လျှင် ငွေ ၁၀၀၀ ကျပ် ပေးရသော်လည်း ရေးမြို့ပေါ်တွင်မူ ထိုသို့ပေး ဆောင်ရခြင်း မရှိကြောင်း သိရပါသည်။

မုဒုံမြို့နယ်တွင်လည်း (မယက) ကိုယ်တိုင် ထိုသို့လိုက်လံမကောက်ယူနိုင်သော်လည်း ကျေးရွာတွင်းရှိ သားဖွားဆရာမများကို ထိုလူဦးရေစာရင်းကို ကောက်ယူထားရန် ညွှန်ကြားချက်ရှိကြောင်းကို မုဒုံမြို့နယ်တောင်ပိုင်း သားဖွားဆရာမနှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

“လွန်ခဲ့တဲ့ ၂ လလောက်တုန်းကစပြီး စာရင်းတွေကို ကောက်ယူနေတာပဲ၊ တစ်အိမ်မှာ မိသားစုဘယ်နှစ်ယောက်ရှိလဲ။ နောက်ပြီး အိမ်ထောင်စုစာရင််းပါ ကြည့်တာပဲ၊ ပြီးတော့စာရင်း မှတ်ယူသွားတယ်” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင်သာမက အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် ယခုကဲ့သို့ စာရင်းစတင်ကောက်ယူနေကြောင်း သိရသည်။

Most read this week