စတစ်ဂ်လဇ်၏ လယ်ယာဖွံ့ဖြိုးမှု အကြံပြုချက် အန်အယ်ဒီ ကြိုဆို

စတစ်ဂ်လဇ်၏ လယ်ယာဖွံ့ဖြိုးမှု အကြံပြုချက် အန်အယ်ဒီ ကြိုဆို
by -
ကျော်သိင်္ခ
ဘောဂဗေဒ နိုဘယ်လ်ဆုရှင် ဂျိုးဇက် စတစ်ဂ်လဇ်၏ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ စိုက်ပျိုးရေးကဏ္ဍ ဖွ့့ံဖြိုးတိုးတက်ရေး အကြံပြုချက်ကို ကြိုဆိုလိုက်သော်လည်း ထိုအစီအစဉ်အတိုင်း ပြုပြင်ပြောင်းလဲ ...

ချင်းမိုင် (မဇ္ဈိမ)။       ။ ဘောဂဗေဒ နိုဘယ်လ်ဆုရှင် ဂျိုးဇက် စတစ်ဂ်လဇ်၏ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ စိုက်ပျိုးရေးကဏ္ဍ ဖွ့့ံဖြိုးတိုးတက်ရေး အကြံပြုချက်ကို ကြိုဆိုလိုက်သော်လည်း ထိုအစီအစဉ်အတိုင်း ပြုပြင်ပြောင်းလဲမှု လုပ်လျှင်တောင်မှ စီးပွားရေး ဖွံံဖြိုးတိုးတက်မှု လမ်းစတွေ့ရန် ဆယ်စုနှစ်ထက်ဝက်ကြာမြင့်နိုင်ဖွယ်ရှိသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးက သတိပေး ပြောကြားလိုက်သည်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ဆွေက “အောက်ထစ် ၁၀ စုနှစ် တဝက်လောက်ပေါ့ဗျာ။ ငါးနှစ် ခြောက်နှစ်ကာလ ရောက်မှ စပြီးတော့ အကောင်းဘက်ဆိုတာ ရေးရေးလေး မြင်လာမှာပါ။ ဒါတောင်မှ ဥပဒေတွေ ပြင်ရမှာ ဖြစ်တယ်။ အုပ်ချုပ်မှု ပုံသဏ္ဍာန်ပြောင်းရမှာ ဖြစ်တယ်” ဟု မဇ္စျိမ ကို ပြောသည်။  

မနေ့က နေပြည်တော်တွင် ပြုလုပ်သော စစ်အစိုးရ အထက်ပိုင်း နှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ အမေရိကန် နိုင်ငံသား ကိုလံဘီယာ တက္ကသိုလ် ပါမောက္ခ မစ္စတာ စတစ်ဂ်လဇ်၏ “နိုင်ငံရေး နဲ့ စီးပွားရေး ခွဲ၍မရ” ဟူသော စကားကို သူက မီးမောင်းထိုး ပြောသွားသည်။

လက်ရှိတွင် စစ်အစိုးရအနေနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ရန် အခြေအနေမရှိကြောင်း ဦးခင်မောင်ဆွေက သုံးသပ်သည်။  

“တိုင်းပြည်စီးပွားရေး တိုးတက်ဖို့အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲရမယ်ဆိုရင် ဒီတပ်မတော် အစိုးရအောက်မှာတော့ လက်ရှိအခြေအနေအရ ပြောင်းလာစရာတော့ အကြောင်းမရှိပါဘူး” ဟု ပြောသည်။  

ပွင့်လင်းမြင်သာ၍ တနိုင်ငံလုံးလွှမ်းခြံုနိုင်သော၊ ပြည်သူများအတွက် အကျိုးဖြစ်စေနိုင်သော စီးပွားရေးဖြစ်အောင် ဆောင်းကြဉ်းနိုင်မှသာလျှင် တိုးတက်မည်ဟု သူက ယုံကြည်နေသည်။

ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သော ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစည်းအဝေး၌ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ဌေးဦး၏ ပြောကြားချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

“မြန်မာနိုင်ငံအစိုးရ အနေနှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းမှု ဖွံ့ဖြိုးရေးအတွက်  အမျိုးသားအဆင့် ကော်မတီကြီး (၃) ရပ်ကို ဖွဲ့စည်းဆောင်ရွက်လျှက်ရှိကြောင်း၊ သဘာဝအန္တရာယ် ကြိုတင်ကာကွယ်ရေး ဗဟိုကော်မတီ၊  ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီ၊  အမျိုးသား စားနပ်ရိက္ခာဖူလုံမှု ကော်မတီတို့ဖြစ်ကြောင်း” ပါရှိသည်။

ဦးခင်မောင်ဆွေက “ထိရောက်တဲ့ ကူညီမှုမျိုး မရှိဘူးဆိုရင် ကော်မတီဆိုတာ နာမည်ဘဲရှိမှာဘဲ။ ထိရောက်တဲ့ ကူညီမှုတွေပေးနိုင်အောင် နောက်ကနေ ပံ့ပိုးနိုင်မယ်ဆိုရင်၊ စကားတင်မဟုတ်ဘဲနဲ့ အလုပ်ပါ ပါမယ်ဆိုရင် ဒါဟာအောင်မြင်မယ်လို့တော့ ကျနော် ယုံကြည်ပါတယ်” ဟု ပြောသည်။  

၁၉၈၈ ခုနှစ်တွင် မြန်မာတနိုင်ငံလုံး၌ အသားတင် စိုက်ဧကမှာ ၁၉.၉ သန်းရှိခဲ့ပြီး၊ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ၂၉.၉ သန်းအထိ တိုးတက်လာခဲ့ကြောင်း  တရားဝင်ထုတ်ပြန်မှုများတွင် ပါရှိသည်။