ချင်းမိုင်(မဇ္ဈိမ) ။ ။ ရှားရှားပါးပါး နိုင်ငံရေး တိုးတက်မှုတခုအနေဖြင့် နေအိမ်အချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်က သူမ၏ပါတီမှအသက်ရွယ်ကြီး ခေါင်းဆောင် ၃ ဦးကို ယနေ့တွင် ဂါရဝပြုခွင့် ရခဲ့သည်။
စစ်အစိုးရ၏ စီစဉ်ခွင့်ပြုချက်ဖြင့် အသက် ၉၂ နှစ်အရွယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ရွှေ၊ အသက် ၈၈ နှစ်အရွယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင်နှင့် လက်တွန်းလှည်းကို အများအားဖြင့် အားပြုသွားလာနေရသော အတွင်းရေးမှူး ဦးလွင်တို့ကို အသက် ၆၄ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် နံနက် ၁၁ နာရီမှစတင်၍ တနာရီကြာ တွေ့ဆုံခဲ့ကြသည်။
“ဒီနေ့ ၁နာရီလောက်တွေ့တယ်လို့ သိရတယ်။ ဘာတွေ ပြောဖြစ်ခဲ့ကြတယ်ဆိုတာ ဘာမှမသိသေးဘူး။ အခုအချက်အလက်တွေ စုတုန်းပဲ ရှိသေးတယ်။ ဟိုတဝက် ဒီတဝက်ဖြစ်နေလို့ စုဆောင်းတုန်းပါ”ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
ပါတီတွင်း သတင်းရပ်ကွက်များအရ တွေ့ဆုံခဲ့သူအားလုံး အားရကျေနပ် ပျော်ရွင်မှုများ ရှိနေခဲ့သည့် လက္ခဏာရှိသည်ဟု ဆိုသည်။ ကျန်သော ခေါင်းဆောင်အချို့နှင့်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ နောက်ရက်ပို်င်းတွင် တွေ့ဆုံခွင့်ရနိုင်ဖွယ်ရှိကြောင်း ယူဆနေကြသည်။
နိုဝင်ဘာလက အတိုက်အခံခေါင်းဆောင်က နိုင်ငံခြားပိတ်ဆို့ အရေးယူမှုများ ပယ်ဖျက်ရေးတွင် ပူးပေါင်းဖြေရှင်းပေးမည်ဟု ကမ်းလှမ်းထားသော စာထဲတွင် ပါတီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ၁၁ ဦးနှင့်ပါ တွေ့ဆုံဂါရဝပြုခွင့်ပါ တောင်းခံထားခဲ့သည်။
နေအိမ်များသို့ သွားရောက်ဂါရဝပြုခွင့် တောင်းခံခဲ့သည်ကို အစိုးရဧည့်ဂေဟာသို့ သတ်မှတ်ပေးခြင်းနှင့် ကျန် စီအီးစီအဖွဲ့ဝင်များ မပါရှိခြင်းအပေါ် ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သည်။
ယနေ့တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းပေါ်နှင့် ဧည့်ဂေဟာ အဝင်လမ်းများတွင် လုံခြံုရေးများ ထူထပ်နေခဲ့သည်ဟု မဇ္ဈိမ၏ ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။
အန်အယ်ဒီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များတွင် ဦးအောင်ရွှေ (ဥက္ကဌ) ဦးတင်ဦး (ဒုဥက္ကဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေအတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး)နှင့် အဖွဲ့ဝင်များမှာ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ သခင်စိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေတို့ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုချက်များသည် တရားမျှတကြောင်းနှင့် ဧည့်ရိပ်သာတွင် တွေ့ရန်စီစဉ်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြံုရေးကြောင့်ဖြစ်သည်ဟု ထို်င်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်က သုံးသပ်သည်။
“အစိုးရဘက်ကလည်း ထိန်းချုပ်ထားတာကို တစုံအရာ လျော့ပေးလာတယ်လို့ ထင်တယ်။ ပြန်ခြံုကြည့်မယ်ဆိုရင် အန်အယ်ဒီရဲ့ လှုပ်ရှားမှုတွေကို နည်းနည်းခွင့်ပြုလာတယ်တဲ့ သဘောရှိတယ်။ အဲတော့ တွေ့ဆုံမှုတွေ ပေးလာတယ်၊ ဒါပေမဲ့ အပြည့်အဝကြီးတော့ မဟုတ်ဘူးပေါ့နော်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ စီအီးစီအဖွဲ့ဝင်တချို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ကဖြစ်ပြီး ပါတီဥက္ကဌနှင့်လည်း ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက 'စိမ်းလဲ့ကန်သာ' ၌ပင် တွေ့ဆုံခွင့်ရခဲ့သည်။