နအဖ ဖိတ်ကြားသည့် ကိုးကန့်အသွင်ပြောင်းပွဲ ၀ တပ်ဖွဲ့မတက်

နအဖ ဖိတ်ကြားသည့် ကိုးကန့်အသွင်ပြောင်းပွဲ ၀ တပ်ဖွဲ့မတက်
ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပခဲ့သည့် ပိုင်ဆုံချိန်ခေါင်းဆောင်သော ကိုးကန့်တပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲသို့ ၀ တပ်ဖွဲ့ တက်ရောက်ခြင်း မရှိကြောင်း တရုတ်နယ်စပ်သတင်းရပ်ကွက်က ပြော ...

ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပခဲ့သည့် ပိုင်ဆုံချိန်ခေါင်းဆောင်သော ကိုးကန့်တပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲသို့ ၀ တပ်ဖွဲ့ တက်ရောက်ခြင်း မရှိကြောင်း တရုတ်နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။

“ကျနော်တို့ မတက်ရောက်ရတဲ့အကြောင်းရင်း နှစ်ချက်ရှိတယ်။ ပထမ အချက်က ၄ ရက်နေ့ကျင်းပမဲ့ဟာကို ၂ ရက်နေ့မှ ဖိတ်တယ်။ ၃ ရက်နေ့မှ ကျနော်တို့စာလက်ခံရတယ်။ နောက်တခုက အသွင်ပြောင်းတဲ့ ကိုးကန့်တပ်ဖွဲ့ကိုယ်တိုင်က ကျနော်တို့ကို မဖိတ်ဘူး” -   မြောက်ပိုင်း ၀ တပ်မှူးတဦးက ပြောပါသည်။

ပိုင်ဆုံချိန် ဦးဆောင်သည့် ကိုးကန့်လက်ကျန်တပ်ဖွဲ့ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးပွဲကို ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းက လောက်ကိုင်မြို့နယ် ဆီအော၌ကျင်းပခဲ့ရာ ဗမာ့တပ်မတော် စရဖ ညွှန်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရပခ တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်ဦး ၊ ကိုးကန့် ဒေသ ယာယီဥက္ကဌ ပိုင်ဆုံချိန် တို့နှင့်အတူ ဆင့်ခေါ်ခံရသော ပြည်သူလူထုတို့ တက်ရောက်ကြောင်း၊ ၀ တပ်ဖွဲ့အား ဖိတ် ကြားထားသည်ဟု သိရသော်လည်း အဆိုပါပွဲတို့တက်ရောက်ခြင်းမရှိဟု လောက်ကိုင် မြို့ခံတဦး က ပြောပါသည်။

ကိုးကန့်အသွင်ပြောင်းပွဲသို့ဝ တပ်ဖွဲ့ မတက်ခြင်းနှင့် ပတ်သက်၍ သျှမ်းပြည်အရေးလေ့လာသူတဦးက - “အခုအခြေ အနေက ၀ နဲ့ နအဖ တင်းမာမှုအရှိန် ပိုမြင့်လာတယ်၊ ၀ နယ်ထဲမှာ အရင်ကထက် အဝင်အထွက် ပိုမိုတင်းကြပ်တယ်။” ဟုဆို၏။

ထို့အတူ ၀၆/၁၂/၂၀၀၉ တွင်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်သူများ ဖမ်းဆီးအရေးယူမည့်အကြောင်းနှင့် မူးယစ်ဆေးဝါးနှင့် မပတ်သက်ရန် နံရံကပ်စာစောင်များ၊  ၀ TV မှ တဆင့်ထုတ်ပြန်ကြေငြာသတိပေးမှုများရှိခဲ့သည်ဟု ဆို၏။ မူးယစ်ဆေးဝါး အကြောင်းြုပပြီး ကိုးကန့်ကဲ့သို့ ၀ တပ်ဖွဲ့အား စစ်အစိုးရပြဿနာမရှာနိုင်ရန် အထူးသတိထား ရှောင်ရှားလို ခြင်းဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က သုံးသပ်ပြပါသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုး - တန့်ယန်းမှ သံလွင်မြစ်တဖက်ကမ်း လွယ်ပန်လုံ နအဖ တပ်စခန်း မျက်နှာချင်းဆိုင် လွယ်ပန်ဇုံ ၀ ဂိတ်တွင်လည်းကောင်း၊ မန်းဆိုင်မြို့အဝင် ဂိတ်တွင်လည်းကောင်းတင်းတင်းကြပ်ကြပ်စစ်ဆေးမှုပြု လုပ် ကြောင်း၊ ထောက်ခံစာ/အိမ်ထောင်စုစာရင်းမရှိလျှင် နေထိုင်အလုပ်လုပ်ခွင့်မပြုကြောင်း-“ဗမာတပ်ဘက်က စစ်သားတွေ တိုက်ကား တွေ ဆက်တိုက်ပြင်ဆင်တိုးချဲ့လို့ ၀ ဘက်က အဲလိုလုပ်ရတာပေါ့ ” ဟု ဒေသခံနောက်တဦးက ပြော၏။

ဤကဲ့သို့ တင်းမာလာသော အနေအထားကြောင့် ပိုင်ဆုံချိန် (ကိုးကန့်) အဖွဲ့နယ်ခြားစောင့်တပ်အသွင်ပြောင်းပွဲတက်ရန် ၀ တပ်ဖွဲ့ ပျက်ကွက်ခြင်းဖြစ်ကြောင်း  သုံးသပ်သူများပြောဆိုကြပါသည်။

ကိုးကန့်တပ်ဖွဲ့ အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ်ရင်း အပါအဝင် စစ်အစိုးရ ဆန္ဒအတိုင်း အသွင်ကူးပြောင်းသွားသော တပ်ရင်း/တပ်ဖွဲ့များမှာ စခုံတိန်ယိမ်း ဦးဆောင်သည့် NDA-K ကချင် (အမျိုးသားဒီမိုကရက်တစ်တပ်မတော် - ကချင်) မှ တပ်ရင်း ၃ ရင်း အမှတ် ၁၀၀၁/ ၁၀၀၂ /၁၀၀၃ ဖြစ်ပြီး၊ ဦးထွန်းကျော် ဦးဆောင်သည့် ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်လပ် ရေးတပ်ဦး (ကလလတ) ၁၀၀၄ တို့ဖြစ်သည်ဟု သိရပါသည်။