လူငယ်များအကြား မူးယစ်ဆေးဝါး ဆိုးကျိုး ပညာပေးမှု အားနည်းနေသေး

လူငယ်များအကြား မူးယစ်ဆေးဝါး ဆိုးကျိုး ပညာပေးမှု အားနည်းနေသေး
by -
ကျော်သိင်္ခ
မြန်မာနိုင်ငံမှ လူငယ်များအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ဆိုးကျိုးဆိုင်ရာ ပညာပေးမှု နည်းပါးနေသေးကြောင်း ရန်ကုန်အခြေစိုက် လူငယ့်အားမာန် မူးယစ်ဆေးဝါးသုံးစွဲမှု ကာကွယ်တာဆီးရေး အဖွဲ့က ယနေ့ ပြောကြား ...

ချင်းမိုင် (မဇ္စျိမ)။     ။ မြန်မာနိုင်ငံမှ လူငယ်များအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ဆိုးကျိုးဆိုင်ရာ ပညာပေးမှု နည်းပါးနေသေးကြောင်း ရန်ကုန်အခြေစိုက် လူငယ့်အားမာန် မူးယစ်ဆေးဝါးသုံးစွဲမှု ကာကွယ်တာဆီးရေး အဖွဲ့က ယနေ့ ပြောကြားလိုက်သည်။

စစ်အစိုးရက ဖမ်းဆီး မူးယစ်ဆေးဝါးများကို ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ယမန်နေ့က မီးရှို့ပြခဲ့ပြီးနောက် မဇ္စျိမ၏ မေးမြန်းမှုကို လူငယ့်အားမာန်အဖွဲ့က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တနိုင်ငံလုံး အတိုင်းအတာမှာ မူးယစ်ဆေးဝါး ပညာပေးမှုက အရမ်း အားနည်းနေတယ်။ နိုင်ငံတော်ကတော့ မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်ရေးဆိုင်ရာ ပညာပေး လုပ်နေတယ် ဆိုပေမယ့် ပညာသွားပြီး ပေးတဲ့အခါမှာ ဟိုက မူးယစ်ဆေး သုံးတာက စွဲတဲ့ အဆင့်ကို ရောက်နေပြီ” ဟု ယင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က မဇ္စျိမကို ပြောသည်။

ယခုနောက်ပိုင်းတွင် စိတ်ကြွဆေးကဲ့သို့သော မူးယစ်ဆေးဝါး အသစ်အဆန်းများ ပေါ်လာသောကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ်အရေအတွက် ယခင်ကထက် များလာသည်ဟုလည်း သူက ဆိုသည်။

လူငယ့်အားမာန် အဖွဲ့သည် ၂၀၀၀ ခုနှစ်မှ စတင်၍ ရန်ကုန်၊ မန္တလေး၊ လားရှိုးနှင့် မိတ္ထီလာမြို့များတွင် ရုံးခွဲများဖွင့်လှစ်၍ လူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်စေရေးအတွက် ပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ဆေးသုံးစွဲမှု ရပ်တန့်စေရန် ဆေးစွဲသူလူငယ်များအား ဆရာဝန်များနှင့် တွေ့ဆုံစေခြင်းတို့အတွက် ကူညီနေသော အဖွဲ့ဖြစ်သည်။

ဦးမျိုးမြင့်က “ကျနော်တို့မှာ လုပ်ဖို့ လိုအပ်နေတဲ့ အစီအစဉ်တွေက မူးယစ်နဲ့ပတ်သက်ရင် fever injection (အဖျားအတွက် ဆေးထိုးခြင်း) အတွက် ပညာပေးတာတွေ နည်းပါးနေတယ်။ ပြီးတော့ needle sharing (ဆေးထိုးအပ် ပေါင်းသုံးခြင်း) မလုပ်အောင် ပညာပေးမယ်။ ပြီးတော့ safer sex (ပိုမိုလုံခြံုသော လိင်ဆက်ဆံမှု) အနေနဲ့ ကွန်ဒုံးဝေမယ်။ ဆိုတော့ အဲဒီလို indicator (တိုင်းတာမှု) ပြလို့လွယ်တဲ့ ဟာတွေကိုပဲ ပရောဂျက်လုပ်နေရတော့၊ ထိရောက်မှု မရှိဘူးပေါ့” ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့၌ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်နေကြောင်းနှင့် ယင်းနယ်စပ်သည် တောတောင်ထူထပ်သည့် နယ်မြေဖြစ်ပြီး တောများကို အခြေခံ၍ မူးယစ်ဆေး ရောင်းဝယ်နေမှုများကိုလည်း သက်ဆိုင်ရာက သွားရောက်ဖမ်းဆီး ပိတ်ဆို့နိုင်သည့် အနေအထား မရှိကြောင်း သူတို့အဖွဲ့ လက်လှမ်းမီသမျှကို အခြေခံ၍ သူက ပြောသည်။

စစ်အစိုးရကမူ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းထားပြီး ၁၅ နှစ် စီမံကိန်း (၁၉၉၉-၂၀၁၄) ဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး ဆောင်ရွက်နေကြောင်း ကြေညာထားသည်။

ယမန်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ၅ ကြိမ်မြောက် ပြုလုပ်သော ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ၌ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက “ယနေ့အချိန်ကာလသည် ၁၅ နှစ်စီမံကိန်း၊ ဒုတိယ ၅ နှစ်ပိုင်း၏ နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်သဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းရပ်ကြီး အတော်ပင် အောင်မြင်ခရီးရောက်နေပြီ” ဟု ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဒုတိယမြောက် ဘိန်းစိမ်းစိုက်ပျိုးသည့် နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး UNDOC က ထုတ်ပြန်ထားသည်။ ထို့အပြင် စိတ်ကြွဆေး ထုတ်လုပ်မှုမှာလည်း တိုးမြင့်လာနေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မူးယစ်ဆေးစွဲလူငယ်များကို စောင့်ရှောက်ကုသပေးနေသည့် အမည်မဖော်လိုသူ ကချင်ဆရာ တဦးကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု များလာကြောင်း ပြောသည်။

“အခုနောက်ပိုင်းဆိုရင် ၁၂ နှစ်၊ ၁၃ နှစ် ဝန်းကျင်ရောက်တာနဲ့ကို သုံးစွဲတဲ့လူ တော်တော်များနေပြီ။ မြစ်ကြီးနားမြို့ပေါ်ဆိုရင် လူငယ်တော်တော်များများ မူးယစ်ဆေးဝါး သုံးစွဲသလောက်ကို ဖြစ်နေပြီ။ အဲဒီမှာက မူးယစ်ဆေးဝါးမသုံးရင် ခေတ်မမီသလိုကို ဖြစ်နေပြီ”  ဟု သူက မဇ္စျိမကို ပြောသည်။

ထို့ပြင် နှစ်စဉ် ကချင်ပြည်နယ်မှ မူးယစ်ဆေးစွဲသူ လူငယ်ဦးရေမှာ အနည်းဆုံး ၃၀ ခန့် ဆေးဖြတ်ရန် ရန်ကုန်ရှိ ၎င်းတို့ထံသို့ လာရောက်ကြကြောင်း သိရသည်။

ယခုအခါ ရန်ကုန်ရှိ နိုက်ကလပ်များ၌လည်း မူးယစ်ဆေးဝါးကို ကိုယ့်အဆက်အသွယ်နှင့်ကိုယ် အရောင်းအဝယ်လုပ်ပြီး သုံးစွဲနေကြကြောင်း ရန်ကုန်နိုက်ကလပ်များနှင့် နီးစပ်သူတဦးက ပြောသည်။

စစ်အစိုးရက မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးနှင့် ပညာပေးအဖွဲ့အစည်းများကို လုပ်ကိုင်ခွင့်သာ ပေးထားပြီး အခြား အကူအညီ တစုံတရာပေးနိုင်ခြင်း မရှိသေးကြောင်းနှင့် ယင်းအဖွဲ့များသည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNDOC) ၏ ငွေကြေးထောက်ပံ့ဖြင့်သာ လုပ်ကိုင်နေကြရကြောင်း သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Most read this week