မဇ္ဈိမ (ချင်းမိုင်)။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ပမီဒီယာများကို အသုံးချပြီး အခြေအနေ ရှုပ်ထွေးစေရန် ဖန်တီးခဲ့သည်ဟူ၍ စစ်အစိုးရသတင်းစာက စွပ်စွဲခြင်းသည် မမှန်ကန်ကြောင်း အန်အယ်ဒီက ယနေ့ တု့ံပြန်ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေသို့ ပေးပို့သည့် စာများ ကာယကံရှင်ထံ မရောက်မီ ပြည်ပမီဒီယာများ၌ ပျံ့နှံ့စေရန် ကြိုပြီး “ဖွ” ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ‘ချမ်းမြအေး’ ဆိုသည့် ကလောင်ရှင်က စွပ်စွဲရေးသားထားခြင်းကို တု့ံပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မရိုးသားသည့် သဘောထားနှင့် မီဒီယာကို လက်ဦးအောင်ဖွပြီး အသုံးချခြင်း မဟုတ်ဘဲ ဒီမိုကရေစီ လုပ်ထုံးအရ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။
“ပြည်ပမီဒီယာတွေက ကျနော်တို့ကို ဆက်သွယ်လာတဲ့အခါ ကျနော်တို့ကလည်း မီဒီယာကို တုံ့ပြန်ရမယ့် ဝတ္တရားနဲ့အညီ ပြောတယ်။ မီဒီယာနဲ့ ပုလင်းတူဗူးဆို့ လုပ်တာ၊ မီဒီယာကို ခိုင်းတာ၊ အသုံးချတာ လုပ်လို့ မရဘူး။ ဒီမိုကရေစီ ထုံးတမ်းစဉ်လာအရ မီဒီယာဟာ သူ့လုပ်ငန်း သူလုပ်နေကြတာပါ” ဟု သတင်းစာဆရာလည်းဖြစ်သူ ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော် အကြီးအကဲထံ အိတ်ဖွင့်ပေးစာတွေနဲ့ ပတ်သက်လို့ ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ပြည်ပမီဒီယာတွေ ချိတ်ဆက်ပြီး အမျိုးမျိုး ဝေဖန်သွေးထိုးရင်း တွန့်ပို့နေကြတာ တွေ့ရပါတယ်” ဟု ဆောင်းပါးရှင် ချမ်းမြအေးက သတင်းစာထဲတွင် စွပ်စွဲရေးသားထားသည်။
ဦးဝင်းတင်ကမူ အန်အယ်ဒီသည် တရားဝင် ရပ်တည်နေသည့် ပါတီဖြစ်ပြီး မိမိတို့၏ သဘောထားများကို တရားဝင် ထုတ်ပြန်နိုင်ခွင့်ရှိကြောင်းနှင့် မီဒီယာ၏ တာဝန်မှာလည်း ပြည်သူများ သိသင့်သိထိုက်သည်ကို အမြန်ဆုံး ဖော်ပြရမည်ဖြစ်ကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် “မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စ” နှင့် စပ်လျဉ်း၍ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသားခဲ့သည်။ အန်အယ်ဒီက ယင်းစာမိတ္တူနှင့်အတူ အထူးကြေညာချက် ၆/ဝ၉/ဝ၉ ကို စက်တင်ဘာ ၂၈ ရက်နေ့တွင် အများသိစေရန် ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့်လ ၁၁ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲ တင်ပြခြင်း” ဟု အကြောင်းအရာဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဒုတိယအကြိမ် ပို့လိုက်သည့် စာသည်လည်း ပြည်ပမီဒီယာများသို့ ပေါက်ကြားပျံ့နှ့ံခဲ့သည်။
ဒုတိယစာသည် အန်အယ်ဒီ လူငယ်များမှတဆင့် ပြည်ပမီဒီယာများထံသို့ ပေါက်ကြားခဲ့သော်လည်း စာကို စစ်ထောက်လှမ်းရေးက တာဝန်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အမြန်ဆုံး ပို့ရမည်ဖြစ်သဖြင့် အစိုးရထံ မရောက်မီ ထုတ်ပြန်သည်ဟု စွပ်စွဲချက်မှာ မမှန်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။
“ဒီစာကို သူတို့ဆီ အစောဆုံး ချက်ချင်းရောက်သွားတယ်လို့ ကျနော် ပြောနိုင်တယ်။ ဘာ့လို့လဲဆိုတော့ သတင်းထောက်လှမ်းရေးက တာဝန်ယူရတယ်။ ဒီစာကို ချက်ချင်း မိနစ်မဆိုင်း ပို့ရမယ့်ဟာ။ စာမူရင်း မဟုတ်ရင်တောင် Fax နဲ့ ပေါ့ဗျာ။ နောက် တစောင်ကျမှ တရားဝင် official စာအိတ်နဲ့ စာတိုက်ကနေ ပို့ရမယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်က ကုလကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံပြီးနောက် သူမ၏ ကြေညာချက်ကို မစ္စတာဂမ်ဘာရီမှတဆင့် စင်္ကာပူနိုင်ငံတွင် တဖက်သတ် ထုတ်ပြန်ခဲ့ခြင်းသည်လည်း မရိုးသားသည့် သဘောနှင့် မီဒီယာကို အသုံးချရန် ကြိုးစားခြင်းဖြစ်သည်ဟု ဆောင်းပါးရှင်က စွပ်စွဲထားသေးသည်။
သို့သော် အန်အယ်ဒီနှင့် စစ်အစိုးရအကြား အချိန်မည်မျှအကြာမှ ကြေညာချက် တရားဝင် ထုတ်ပြန်ရမည်ဟူသည့် သဘောတူညီချက်များ မထားရှိကြောင်းနှင့် အန်အယ်ဒီ အနေဖြင့် တရားဝင် ကြေညာချက်များ ထုတ်ခွင့်ရှိကြောင်း ဦးဝင်းတင်က ထောက်ပြပြောဆိုသည်။
အန်အယ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရအာဘော် သတင်းစာများမှ အမည်ဝှက် အမျိုးမျိုးဖြင့် ပုတ်ခတ်ရေးသားလေ့ရှိသည်။ ထို့အပြင် စစ်အစိုးရက တရားဝင်ပါတီဖြစ်သော အန်အယ်ဒီ၏ နိုင်ငံရေး လှုပ်ရှားမှုများကိုလည်း ပိတ်ပင်ဟန့်တားခြင်း၊ တက်ကြွသည့် ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခြင်းတို့ ပြုလုပ်နေသည်။
ရုံးခန်းဖွင့်ခွင့်ကိုလည်း ရန်ကုန်ဌာနချုပ်တခုသာ ဖွင့်ခွင့်ပေးထားပြီး ပြည်နယ်နှင့် တိုင်းများတွင် ခွင့်ပြုမထားပေ။ သို့သော် တရားဝင် မဟုတ်သည့် အခြားပါတီအဖွဲ့အစည်းများ၏ ရုံးခန်းများ ဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားမှုများကိုမူ မသိကျိုးကျွံပြုထားသည်။
(ကိုဝိုင်း တည်းဖြတ်သည်။)