ယခုနှစ် ကောက်သစ်ပေါ်ချိန်တွင် ယမန်နှစ်ကထက် စပါးစျေး ထက်ဝက်နီးပါး ထိုးတက်သွားကြောင်း ဒေသခံ လယ်သမားတို့၏ ပြောပြချက်အရ သိရသည်။
လက်ရှိပေါက်စျေးအရ စပါးတင်းတစ်ရာလျှင် ရ သိန်းကျော်ရှိပြီး၊ ယမန်နှစ်စျေးမှာ ၄ သိန်းကျော်သာ ရှိသည်ဟု မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာမှ ဒေါ်ငွေအိမ်က ပြောသည်။
၎င်းက “တချို့ကတော့ အခုမှ ရိတ်သိမ်းခါစပဲ ရှိတယ်၊ စပါးသစ်တောင် ကောင်းကောင်းမထွက်သေးဘူး၊ တချို့နေရာတော့ ရိတ်ပြီးသလောက်တော့ ရှိပြီ၊ စပါးစျေးကတော့ ဒီထက်တက်ဖို့ အလားအလာ ရှိဦးမယ်လို့ ထင်တာပဲ” ဟု ပြောသည်။
“စပါး ၉ ဧက စိုက်ထားတာ ၂ ဧက လောက်က ပိုးထိထားတယ်၊ ဒီနှစ်မှာ စပါး တင်း ၂၀၀ လောက်ပဲ ရမယ်ထင်တယ်၊ တချို့ဆို သုံးပုံတစ်ပုံလောက်ပဲ ကျန်တယ်၊ စပါးစျေးတက်တာ လယ်သမားတွေအတွက် ကောင်းပေမယ့် စပါးဝယ်စားရတဲ့ လူတွေအတွက်တော့ အခက်အခဲဖြစ်ကြမယ်” ၄င်းက ဆက်ပြောသည်။
ကရင်ပြည်နယ်ဘက်တွင် စပါးခင်းများ ပိုးဖျက်ဆီးထားခြင်း မရှိသော်လည်း ရေးကြီးဒဏ်ကြောင့် စပါးပင်များ ပျက်စီးပြီး၊ စပါးအထွက်နှုန်း ထက်ဝက်နီးပါး လျော့ကျသွားကြောင်း သိရသည်။
“ငါတို့ဘက်မှာတော့ ပြီးခဲ့တဲ့နှစ်မှာတော့ ကမာကြီးက ၅ သိန်းကျော်ပဲ၊ အခုဆိုရင် ရ သိန်းတောင် ဖြစ်သွားတယ်၊ တန်ဆောင်မုန်းလကတည်းက စတက်တာပဲ၊ နောက်ထပ် တက်ဖို့လည်း ရှိတယ်” ဟု ကရင်ပြည်နယ် ကော့မိတ်ရွာခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစရှိသည့်ဒေသတို့မှ စပါးပင်များ ကြွက်ကိုက် ခံရခြင်း၊ ရေးကြီးဒဏ် ခံရခြင်း၊ ပိုးကျသည့်ဒဏ် ခံရခြင်းတို့ကြောင့် ယခင်နှစ်ထက် စပါးအထွက်နှုန်း ထက်ဝက်နီးပါး လျှော့ကျသွားပြီး ယခုကဲ့သို့ စပါးစျေး အဆမတန် မြင့်တက်လာခြင်း ဖြစ်နိုင်သည်ဟု လယ်သမားများက ထင်မြင်ချက် ပေးကြသည်။
၂၀၀၉-၂၀၁၀ ခုနှစ်အတွင်း စပါးတန်ချိန် တစ်သန်းကျော် နိုင်ငံခြားသို့ တင်ပို့ရန် လျာထားပြီး ဖြစ်ကြောင်း၊ စက်တင်ဘာလအထိ တန်ချိန် ၅ သိန်းကျော် တင်ပို့ ပြီးပြီ ဖြစ်ကြောင်း မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြထားသည်။
လျာထားချက်အတိုင်းသာ နိုင်ငံခြားသို့ တင်ပို့ပါက ပြည်သူများအတွက် အလွန်ကြပ်တည်းသော အခြေအနေသို့ ရောက်နိုင်ဖွယ်ရှိသည်ဟု အသက် ၈၀ ကျော် မုဒုံမြို့နယ် လယ်ပိုင်ရှင်တစ်ဦးက ဆိုသည်။