လွန်ခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့က သံဖြူဇရပ် ဘူတာရုံအနီးတွင် ဂတ်စ်စိမ့်ထွက်မှုတစ်ခု ဖြစ်ပွားပြီး ၄င်းဂတ်စ်စိမ့်ထွက်ရာ နေရာတဝိုက် မည်သူတစ်ဦးတစ်ယောက်မှ မဝင်ရောက်ရန် စစ်တပ်တို့မှ ကြေငြာထားကြောင်း သိရသည်။
ဂတ်စ်စိမ့်ထွက်နေတာကတော့ ပြီးခဲ့တဲ့အပတ်ကစဖြစ်တာ စိမ့်ထွက်တဲ့နေရာကတော့ သံဖြူဇရပ် ဘူတာရုံမရောက်ခင်မှာ၊ စိမ့်ထွက်တဲ့နေရာကတော့ အပေါက်လိုဖြစ်နေတာမဟုတ်ဘူး အက်ကွဲနေတဲ့ပုံစံဖြစ်နေတယ်။ အဲဒီအပေါက်တွေကို စစ်သားတွေက မြေတွေနဲ့ လိုက်ဖို့နေတယ်” ဟု ထိုဂတ်စ်စိမ့်ထွက်ရာ အနီးတွင် လယ်လုပ်နေသည့် လယ်သမားတစ်ဦးက ပြောသည်။
ဂတ်စ်စိမ့်ထွက်သည့်နေရာမှ ကိုက် (၂၀) ပတ်လည်မှာ မည်သူမှ မဝင်ရောက်နိုင်ဖို့ စာဖြန့်ဝေထားပြီး၊ အကယ်၍ တစ်ဦးတစ်ယောက်က ထိုနေရာတဝိုက်သို့ ဝင်ရောက်မိပါက လုံခြံုရေးယူထားသည့် စစ်တပ်တို့က သေနတ်ဖြင့် ပစ်ခတ်နိုင်ကြောင်း သိရသည်။
“အခုချိန်ထိ ညပိုင်းမှာဆိုရင် ဂတ်စ်တွေ စိမ့်ထွက်တဲ့အသံကို ကြားနေရတုန်းပဲ၊ စဖြစ်တဲ့နေ့က ညပိုင်းမှာဖြစ်တယ်၊ ဒါပေမယ့် စိမ့်ထွက်တဲ့အသံက သိပ်တော့မကျယ်ဘူး၊ ကုန်တင်ကားတွေ သွားနေတဲ့အသံလိုမျိုးဖြစ်နေတယ်၊ အကျယ်ကြီးတော့မဟုတ်ဘူး” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။
ဂတ်စ်စိမ့်ထွက်သည့်နေရာတဝိုက် ကိုက် ၂၀၊ ၃၀ ပတ်လည်မှာ သံဖြူဇရပ်မှ ပြည်သူ့စစ်များ၊ ကြာကန်ရပ်ကွက်မှ ပြည်သူ့စစ်အပါအဝင် ခလရ (၆၂) မှ စစ်တပ်တို့က လုံခြံုရေး ချထားကြောင်းသိရသည်။
“ဂတ်စ်စိမ့်ထွက်တဲ့နေ့ကစပြီးတော့ အာဏာပိုင်တွေက သူတို့စာတွေလိုက်ကပ်ထားတယ်၊ စာထဲမှာတော့ ကိုက် (၂၀/၃၀) ဝန်းကျင်မှာ ဘယ်သူမှမဝင်ရဘူး ဝင်တာတွေ့လို့ရှိရင် သူတို့ (စစ်တပ်) တွေအနေနဲ့ ပစ်ခတ်ခွင့်ရှိတယ်” ဟု ကြာကန်ရပ်ကွက်သူတစ်ဦးက ပြောသည်။
မွန်ပြည်နယ်အတွင်းဖြတ်သန်းသွားသည့် ကန်ဘောက်-မြိုင်ကလေး ဂတ်စ်ပိုက်လိုင်းသည် မြန်မာစစ်အစိုးရတို့မှ ပိုက်လိုင်းသွယ်တန်းမှုနည်းပညာညံ့ဖျင်းမှုကြောင့် ပိုက်လိုင်းဆက်သွယ်ထားသည့်နေရာတွင် မကြာခဏဆိုသလို စိမ့်ထွက်မှုများဖြစ်ပေါ်နေသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့မှာလည်း မုဒုံမြို့ ဘူတာရုံနှင့် မိုင်တဝက်ခန့်ဝေးသည့်နေရာ၌လည်း ကျယ်လောင်သည့် ဂတ်စ်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။
ထိုပေါက်ကွဲမှုသည် ပြင်းထန်သည့်အတွက် မုဒုံမြို့ခံများသာမက အနီးနာတဝိုက်ရှိ ဒေသခံတို့က ကြောက်ရွံ့နေကြကြောင်း သိရသည်။