ရန်ကုန် အမှိုက်ပုံ၊ အမှိုက်ကန်များတွင် အမှိုက်ကောက်ခွင့် မပြုတော့

ရန်ကုန် အမှိုက်ပုံ၊ အမှိုက်ကန်များတွင် အမှိုက်ကောက်ခွင့် မပြုတော့
by -
ကျော်ခ
ရန်ကုန်တိုင်း မြို့နယ် ၃၀ ကျော်ရှိှိ စည်ပင်သာယာ အမှိုက်သိမ်း နယ်မြေအပိုင် အမှိုက်ပုံနှင့် အမှိုက်ကန်များတွင် အစောင့်များ ချထားပြီး အမှိုက်လာကောက်သူများကို ခွင့်မပြုတော့ကြောင်း သိရ ...

မဇ္စျိမ (ချင်းမိုင်)။      ။ ရန်ကုန်တိုင်း မြို့နယ် ၃၀ ကျော်ရှိှိ စည်ပင်သာယာ အမှိုက်သိမ်း နယ်မြေအပိုင် အမှိုက်ပုံနှင့် အမှိုက်ကန်များတွင် အစောင့်များ ချထားပြီး အမှိုက်လာကောက်သူများကို ခွင့်မပြုတော့ကြောင်း သိရသည်။

ပြင်ပတွင် ပြန်ရောင်းနိုင်မည့် စွန့်ပစ်ပစ္စည်းများကို အမှိုက်ပုံများ၌ မွှေနှောက်ရှာဖွေခြင်းကြောင့် အနံ့ဆိုးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေသဖြင့် ပြီးခဲ့သည့်တပတ် ဗုဒ္ဓဟူးနေ့မှ စတင်ကြပ်မတ်လိုက်ကြောင်း ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် စည်ပင်သာယာရုံးမှ တာဝန်ရှိသူတဦးက ယခုလို စတင်ပြောဆိုသည်။

“မြို့နယ်အလိုက် သက်ဆိုင်ရာ တာဝန်ခံတွေကိုလည်း ပြီးခဲ့တဲ့အပတ်က စပြီးတော့ ပြောပြီးပြီ။ အခု သက်ဆိုင်ရာ မြို့နယ်အလိုက် အမှိုက်ပုံနဲ့ အမှိုက်ကန်တွေမှာ အစောင့်တွေ တာဝန်ပေးချထားပါတယ်” ဟု အမည်မဖော်လိုသူ ယင်းခရိုင်အရာရှိက မဇ္စျိမကို ပြောသည်။

ရန်ကုန်တိုင်းအတွင်း စည်ပင်အမှိုက်သိမ်း နယ်မြေ ၃၂ မြို့နယ်မှ အမှိုက်ပုံများနှင့် အမှိုက်ကန်များတွင် ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံ၊ ပုလင်းခွံ စသည့် ပြန်ရောင်းစား၍ရသော စွန့်ပစ်ပစ္စည်းများကို အမှိုက်သိမ်းကား ဝန်ထမ်းများနှင့် အိမ်ခြေမဲ့များက ရွေးယူတတ်ကြကြောင်း ကျောက်တံတားမြို့နယ်စည်ပင်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန တာဝန်ရှိသူ ဗိုလ်မှူးကြီး လှဝင်းအောင်က ပြောသည်။

ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းပေါ်မှ ရုပ်ရှင်ရုံများ၏ တဖက်ခြမ်းတွင် အမှိုက်ကားများ ထိုးရပ်ပြီး အမှိုက်ကောက်သဖြင့် လမ်းသွားလမ်းလာများနှင့် ရုပ်ရှင်ကြည့် ပရိသတ်များအတွက် ကျန်းမာရေးနှင့် မညီညွတ်ဘဲ စိတ်အနှောင့်အယှက် ဖြစ်နေရကြောင်း မဇ္စျိမသတင်းဌာနက ဖော်ပြခဲ့ပြီး ဖြစ်သည်။

ယခုအခါ ယင်းနေရာတွင် အမှိုက်ကား ရပ်နားခွင့်ရှိသော်လည်း အမှိုက်ကောက်ခြင်းကို တားမြစ်လိုက်ပြီဖြစ်ကြောင်း ဗိုလ်မှူးကြီး လှဝင်းအောင်က ပြောသည်။ အိမ်ခြေမဲ့များကို အရေးယူရ ခက်ခဲနေသော်လည်း စည်ပင် ဝန်ထမ်းများထဲမှ အမှိုက်ကောက်လျှင်မူ တာဝန်မှ ရပ်စဲခံရမည်ဟု သိရသည်။

“အခု ဗိုလ်ချုပ်လမ်းကနေရာမှာ လက်မခံတော့ဘူး။ အစောင့်ချပြီး မောင်းထုတ်။ ဒုတ်နဲ့ ရိုက်၊ ရဲနဲ့ ခြောက်ရတယ်။ အခုတော့ ဒီမှာတော့ မလာတော့ဘူး။ မနက်မိုးလင်းတာနဲ့ သူတို့က ဂုံနီအိတ်တလုံး ထမ်းပြီးတော့ အမှိုက်ပုံတွေ ရှိတဲ့နေရာ လိုက်ရွေးတော့တာပဲ”  ဟု သူက မဇ္စျိမကို ပြောသည်။

အနီးအနားရှိ ဆုထူးပန် ရုပ်ရှင်ရုံ ဝန်ထမ်းတဦးကလည်း ဗိုလ်ချုပ်လမ်းပေါ်၌ အမှိုက်ကားများ လာရပ်နားသည်ကို တွေ့ရသော်လည်း အမှိုက်လာမကောက်သည်မှာ ၃ ရက်ခန့်ရှိပြီဟု မဇ္စျိမကို ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်က ယခင်သုံးစွဲနေသည့် ကိုရီးယားနိုင်ငံထုတ် အမှိုက်သိမ်းယာဉ်များ ယိုယွင်းလာသဖြင့် စင်္ကာပူ၊ တရုတ်နှင့် ဂျပန်တို့မှ ကားများ မှာယူအသုံးပြုနေရသည်ဟု  ဗိုလ်မှူးကြီး လှဝင်းအောင်က ပြောသည်။

ရန်ကုန်မြို့၏ အမှိုက်သိမ်း လုပ်ငန်းများကို လက်တလောတွင် အမှိုက်သိမ်းယာဉ် ၂၅၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ထုတ် ဆင်ဟွာ သတင်းတပုဒ်က ဖော်ပြသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Most read this week