နယူးဒေလီ (မဇ္စျိမ)။ ။ သံဃာတော်များကို ဆွမ်းကပ်ပြီးအပြန် အာဏာပိုင်များက ဖမ်းဆီးခဲ့သည့် ရန်ကုန်မှ အတိုက်အခံ အမျိုးသမီး ၄ ဦးကို နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဖြင့် တရားရုံးက ယမန်နေ့တွင် စွဲချက်တင်လိုက်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက် (သီတင်းကျွတ် လပြည့်နေ့) တွင် ဒဂုံမြို့သစ်ရှိ မကွေး ပရိယတ္တိ စာသင်တိုက်တွင် ဆွမ်းကပ်ပြီး ပြန်လာခဲ့သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ အပါအဝင် အမျိုးသမီး ၄ ဦးကို အင်းစိန်ထောင်တွင်းရှိ အရှေ့ပိုင်းခရိုင် တရားရုံးက ယခုလို စွဲဆိုလိုက်ခြင်း ဖြစ်သည်။
“မကွေး ပရိယတ္တိ စာသင်တိုက်မှာ ကျောင်းထိုင်ဆရာတော်ကို ကမ္မဝါစာရွက် ၄၂ ခုကို ကပ်လှူခဲ့တယ်ဆိုပြီးတော့ စွဲချက်တင်တယ်။ အဲဒီ စာရွက်ဆက်ကပ်တဲ့ဟာကို နိုင်ငံတော်ကို ဆူပူအောင် လုပ်တယ်ဆိုပြီး ဒေါ်နော်အုန်းလှကို တရားစွဲတယ်။ ကျန်တဲ့ ၃ ယောက်က စာရွက်စာတမ်း မမိဘူး။ ဒါပေမဲ့ အတူတူ သွားခဲ့တဲ့အတွက် သူတို့ကိုလည်း ပုဒ်မ ၅ဝ၅ (ခ) တပ်ထားတယ်” ဟု သူတို့၏ ရှေ့နေဖြစ်သူ ဦးကျော်ဟိုးက ပြောသည်။
“အဲဒီလို ဆက်ကပ်တယ်၊ မကပ်ဘူးဆိုတာကို မကွေး ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးပါမောက္ခကိုယ်တိုင် သက်သေပါတာလည်း မဟုတ်ဘူးလေ။ ကမ္မဝါစာက ဘုရားဟောတဲ့ စာဖြစ်တယ်။ အဲဒီလိုစာကို ဆရာတော်ကို ကပ်လှူရုံနဲ့ပဲ ဥပဒေ ကျူးလွန်စရာ မရှိဘူး။ ဥပဒေ ကျူးလွန်တယ်လို့ ကျနော်တို့ မယူဆဘူး။ ဒီကမ္မဝါစာကို ဆရာတော်ကို တကယ် ကပ်တယ်၊ မကပ်ဘူးဆိုတာကို အမှုတွဲမှာ ခိုင်ခိုင်လုံလုံ မပေါ်ပေါက်ဘူး” ဟု သူက ဆက်ပြောသည်။
ဒေါ်နော်အုန်းလှ (မှော်ဘီ)၊ မမြင့်မြင့်စန်း (ဒလမြို့နယ်)၊ မချိုချိုလွင် (သင်္ဃန်းကျွန်း) နှင့် မချို (တောင်ဒဂုံ) တို့သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားတွင် ဆုတောင်းပွဲများ ပြုလုပ်နေသူများဖြစ်သည်။
အောက်တိုဘာလ ၃ ရက်နေ့တွင် ရဲက ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေးစခန်းတွင် စစ်ဆေးကာ အင်းစိန်ထောင်သို့ ပို့ဆောင်ချုပ်နှောင်ခဲ့သည်။ ထို့နောက် သူတို့ ၄ ဦးကို နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု - ပုဒ်မ ၅၀၅ (ခ) ဖြင့် ရဲက တရားလိုအဖြစ် တရားစွဲခဲ့ခြင်း ဖြစ်သည်။
စတင်ဖမ်းဆီးခဲ့သည့် သီတင်းကျွတ် လပြည့်နေ့တွင် ပြည်တွင်းရှိ လျှို့ဝှက်စွာ ဖွဲ့စည်းထားသော သံဃာ အဖွဲ့အစည်းအချို့က စစ်အစိုးရကို ပတ္တနိကုဇ္ဇန ကံဆောင်ပွဲဟူသည့် စစ်အာဏာပိုင်များနှင့် အဆက်အဆံမပြုရန် နိုင်ငံတဝှမ်းရှိ သံဃာတော်များကို တောင်းဆိုတိုက်တွန်းထားခဲ့ကြသည်။ သံဃာအဖွဲ့များက မတရား ဖမ်းဆီး ထိန်းသိမ်းထားသော သံဃာတော်များကို ပြန်လွှတ်မပေးပါက ထိုကဲ့သို့ ကံဆောင်သွားမည်ဟု ထုတ်ပြန် ကြေညာခဲ့ကြသည်။
အတိုက်အခံ အမျိုးသမီး ၄ ဦး၏ အမှုရက်ချိန်းကို ယခုလ ရ ရက်နေ့သို့ တရားရုံး တရားသူကြီး ဦးအောင်သိန်းက ထပ်မံ ချိန်းဆိုလိုက်သည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)