ခလရ (၆၁) အတွက် ရွာသားများ ကျောက်စရစ် သယ်ပို့ရ

ခလရ (၆၁) အတွက် ရွာသားများ ကျောက်စရစ် သယ်ပို့ရ
by -
မိကျလွန်းထော
လွန်ခဲ့သော ရက်သတ္တပတ်က မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ သောင်ပြင်ရွာနှင့် တောင်ဘုံရွာမှ ကားများ ရေးမြို့သို့ အခမဲ့ ကျောက်စရစ်ခဲများ သယ်ပို့ပေးနေရသည်ဟု သိရ ...

လွန်ခဲ့သော ရက်သတ္တပတ်က မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ သောင်ပြင်ရွာနှင့် တောင်ဘုံရွာမှ ကားများ ရေးမြို့သို့ အခမဲ့ ကျောက်စရစ်ခဲများ သယ်ပို့ပေးနေရသည်ဟု သိရသည်။

လမိုင်းမြို့နယ်ခွဲ အာယုတောင်ကျေးရွာအနီးတွင် အခြေချထားသည့် ခမရ (၅၈၇) က အာယုတောင်ကျေးရွာနှင့် ၃ မိုင်ကွာဝေးသော ကြိုးတံတား ကျောက်ထုတ်လုပ်ငန်းမှ ကျောက်စရစ်ခဲများကို ရေးမြို့ရှိ ခလရ (၆၁) သို့ သယ်ပို့ရန် စေခိုင်းထားခြင်း ဖြစ်သည်ဟု စေခိုင်းခံရသော သောင်ပြင်ရွာမှ ကားသမားတစ်ဦးက ပြောသည်။

“သူတို့ တပ်ပြင်ဖို့တော့ ပြောတာပဲ၊ ဆီခက ဘာမှမပေးဘူး၊ ကိုယ့်ဟာကိုယ် စိုက်ထုတ်ရတယ်၊ သူတို့လက်အောက်မှာ ရှိနေတယ်ဆိုတော့ မလုပ်ချင်လည်း လုပ်နေရတယ်ဗျ” ဟု ၄င်းကားသမားက ပြောသည်။

၄င်းကျောက်စရစ်ခဲရှိရာ ကြိုးတံတားနှင့် ရေးမြို့မှာ ၁၂ မိုင်ကျော် ကွာဝေးပြီး၊ တစ်နေ့လျှင် နှစ်ခေါက်သာ သယ်ပို့နိုင်သည်ဟု တောင်ဘုံရွာမှ ကားသမားတစ်ဦးက ဆိုသည်။

အထက်ပါရွာ (၂) ရွာမှ တစ်ရွာလျှင် တစ်နေ့ကား ၂ စီး၊ ၁ စီး ၂ ရက် အလှည့်ကျ ပို့ပေးနေရသည်။

“ခမရ (၅၈၇) က ရွာဥက္ကဌကတဆင့် ရွာသားတွေကို ပြန်ပြောတာပါ၊ ကျွန်တော်တို့က ၂ ရက် သယ်ပို့ပေးရမယ်၊ နောက်နေ့ ဘယ်သူတွေ ထိမလဲတော့ မသိသေးဘူး၊ အကုန်းလုံးက အိတ်စိုက်ကြီးပဲ” ဟု ၄င်းတောင်ဘုံရွာမှ ကားသမားက ဆက်ပြောသည်။

ခမရ (၅၈၇) တို့ ကျောက်စရစ်ခဲများကို ရေးမြို့ရှိ ခလရ (၆၁) သို့ သယ်ပို့ရန် စေခိုင်းနေသည်မှာ လွန်ခဲ့သော ၂၀၀၆ ခုနှစ်မှစ၍ ယခုလိုမျိုး နွေပိုင်းရောက်သည့်အချိန်ရောက်တိုင်း သယ်ပို့ခိုင်းခဲ့သည်ဟု မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ အလုပ်မှု့ဆောင်က ဆိုသည်။

“ဒါကတော့ သူတို့ခိုင်းနေကျပါ၊ ဒါတင်မကသေးပါဘူး ခမရ (၅၈၇) က ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း လမိုင်းမြို့နယ်မှာရှိတဲ့ ရောဘာခြံ ၂၅၀ ဧကကျော် ၃၀၀ ဧကတို့ကိုလည်း သိမ်းယူခဲ့ပါတယ်၊ ပြီးတော့ ရောဘာပင်အိုတွေကိုလည်း ထင်းအဖြစ်ခုတ်ပြီးတော့ ပြန်လည်စိုက်ခိုင်းတာလည်း ရှိပါတယ်” ဟု အလုပ်မှု့ဆောင်က ဆက်ပြောသည်။

Most read this week