ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်လာမည်ကို စိုးရိမ်သည့်အတွက် ထိုင်းအာဏာပိုင်များက နယ်စပ်တလျှောက် တားဆီးကန့် သတ်မှုများပြုလုပ်ထားလိုက်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် တားဆီးကန့်သတ်မှုများပြုလုပ်ထားရန် ထိုင်းမြန်မာနယ်စပ် တလျှောက်ရှိ အစိုးရအရာရှိများကို စစ်တပ်ကအမိန့်ပေးထားသည်ဟု ထိုင်း အမှတ် ၃ တပ်မ တော် တပ်မှူး ဒုဗိုလ်ချုပ်ကြီး ထနွန်စွတ်အပီရာကျိုသင် (Thanongsok Apirakyothin) က ပြောသည်။ ထိုင်းဝန်ကြီးချုပ် အဖိစစ်ဝိချာချိဝ (Abhisit Vejajiva) အား ဆန့်ကျင်ကန့်ကွက် သည့် ချင်းမိုင်နှင့် ဘန်ကောက် ဆန္ဒပြပွဲများတွင် အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများပါဝင်ပူးပေါင်းလာနိုင်သည်ဟူသည့် သတင်းများထွက်ပေါ်လာပြီးနောက် ဤသို့ညွှန် ကြားချက်များထုတ်ပြန်ထားလိုက်ခြင်းဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်သည် စနေနေ့တွင် ချင်းမိုင် မြို့သို့လာရောက်၍ ထိုင်းကုန်သည်ကြီးများအသင်း၏ နှစ်ပတ်လည်အစည်းအဝေးသို့ တက် ရောက်ရန်အစီအစဉ်ရှိသည်။
ဒုဗိုလ်ချုပ်ကြီး ထနွန်ဆွတ် က ထိုင်းဝန်ကြီးချုပ်ဟောင်း သတ်ဆင်ရှင်နာဝပ်ထရာ (Thaksin Shinawatra) ယခုလကုန်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း မှတဆင့် ပြည်တွင်းသို့ပြန်လည်ဝင် ရောက်လာမည်ဟူသော သတင်းကို ကောလဟလသာဖြစ်သည်ဆိုပြီးငြင်းဆိုလိုက်သည်ဟု ထိုင်းသတင်းအေဂျင်စီဝက်ဆိုက်တွင်ဖော်ပြထားသည်။
ရှပ်နီဝတ်ဆန္ဒပြသမားများက အကြမ်းဘက်လုပ်ငန်းများလုပ်ဆောင်ဖူးသည့် ယခင်အတွေ့အ ကြံုများရှိသည့်အတွက် ထိုင်းဝန်ကြီးချုပ်သည် ချင်းမိုင်မြို့သို့မသွားသင့်ကြောင်း ထိုင်းဒုဝန်ကြီး ချုပ် ဆူသက်ထောင်ဆူဘန် (Suthep Thaugsuban) ကပြောသည်။ ချင်းမိုင်နှင့်ဘန်ကောက် ရှိ ရှပ်နီဝတ်ဆန္ဒပြသူများက ဆူပူမှုများ၊ အကြမ်းဘက်မှုများပေါ်ပေါက်လာရေးအတွက် လှုံ့ဆော်မှုများကိုပူးပေါင်းပြုလုပ်လာနိုင်သည်ဟု သူကစိုးရိမ်နေသည်။
အကယ်၍ အဖိစစ် က ဘာပဲဖြစ်ဖြစ်သွားမည်ဟု ဆိုပါက ထိုဒေသရှိပြည်သူများအခက်အခဲ မဖြစ်စေဘဲ ချင်းမိုင်တွင် ပြည်တွင်းလုံခြံုရေးအက်ဥပဒေ ပြဌာန်းသက်ရောက်စေရန် သူ အဆို ပြုရလိမ့်မည်ဟု ဆူသက် ကပြောသည်။
ရှပ်နီဝတ်များဆူပူမှုများဖြစ်ပွါးအောင်လှုံ့ဆော်မည်ကို သူပို၍စိုးရိမ်သည်ဟုလည်း ပြောသည်။ လုံခြံုရေးအေဂျင်စီများက ဝန်ကြီးချုပ်ကိုကာကွယ်ပေး နိုင်လိမ့်မည်ဟု သူယုံကြည်ကြောင်းလည်းသူကဆိုသည်။
`ပြဿနာသေးသေးလေးက အကြီးကြီးဖြစ်သွားနိုင်တယ်။ ကျနော့်ကိုအခြေအနေတွေကို အနီးကပ်စောင့်ကြည့်ဘို့နဲ့ ဒေသခံအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်ဘို့ တာဝန်ပေးထား တယ်။ အဲဒီအစည်းအဝေးကိုသွားတက်တာ ပုဂ္ဂလိကပိုင်ကဏ္ဍရဲ့ ယုံကြည်မှုကိုပြန်ရအောင် လုပ်နိုင်လိမ့်မယ်လို့ ဝန်ကြီးချုပ်က ယုံကြည်နေလို့ပဲ´ ဟု သူကပြောသည်။
သို့သော် ရှပ်နီခေါင်းဆောင်က ဘန်ကောက်ရှိဆန္ဒပြပွဲများကိုရွှေ့ဆိုင်းထားလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေငြာလိုက်သည်။ ယခုအချိန်သည်လူအများစုဝေးရန် သင့်တော်သော အချိန် မဟုတ်ဟု ဝရမ်းပြေး ဝန်ကြီးချုပ်ဟောင်း သပ်ဆင်ရှင်နာဝပ်ထရာ ကအကြံပြုပြောကြားပြီး နောက်ပိုင်း ဤကြေငြာချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ယူဆရသည်။ မည်သို့ပင်ဖြစ်စေ တာဝန်ရှိသူများက ဖြစ်ပေါ်လာနိုင်သည့် ဆန္ဒပြပွဲများကို ဆက်လက်စောင့်ကြည့်အကဲခတ်နေ ဆဲဖြစ်သည်။
ဤသို့သူတို့စီစဉ်ထားသော ဆန္ဒပြပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားလိုက်သည်ဟု ရှပ်နီဝတ်များကကြေငြာထားသော်လည်း အစိုးရသည် ဘန်ကောက်တွင် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၄ ရက်ထိ ပြည်တွင်းလုံခြံုရေးအက်ဥပဒေကို ပြဌာန်းကြေငြာမည်ဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သများများဆန္ဒပြခြင်းသည် တရားမဝင်သည့်အတွက် သူတို့ကို နိုင်ငံရေး ဆန္ဒပြပွဲများတွင်ပါဝင်ခြင်းမပြုအောင် တားဆီးပေးပါရန် အာဏာပိုင်များက အလုပ်ရှင်များကို သတိပေးထားသည်ဟု ထိုင်းအလုပ်သမားရေးရာဌာန ဒါရိုက်တာ Jeerasak Sukonthachart ကပြောသည်။
ထိုင်းဥပဒေအရ ထိုင်းနိုင်ငံလုံခြံုရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်ခြင်းမရှိလျှင် ရွှေ့ပြောင်းအလုပ် သမားများသည် ဆန္ဒပြပွဲများတွင်ပါဝင်နိုင်သည်။ သူတို့ကို ရှပ်နီဝတ်ဆန္ဒပြသူများနှင့်အတူ တွေ့ရှိဖမ်းမိပါက နေရပ်ရင်းသို့ပြန်ပို့ခံရမည်ဖြစ်ပြီး အလုပ်ရှင်ကိုလည်း တရားစွဲဆိုမည်ဖြစ် သည်။