မဇ္စျိမ (ချင်းမိုင်) ။ ။ မြက်ခင်းတု ဘောလုံးကွင်း အသုံးပြုခြင်းမှာ မြန်မာနိုင်ငံရာသီဥတုနှင့် ကိုက်ညီမှုမရှိသလို နိုင်ငံတကာပွဲများအတွက်လည်း အသုံးပြု၍ မရကြောင်း ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေးက ပြောဆိုလိုက်သည်။
မြက်အစစ် မပေါက်သည့်ဒေသ၊ မိုးခေါင်ဒေသနှင့် နှင်းထူထပ်သည့် ဒေသများတွင်သာ အသုံးပြုလေ့ရှိကြောင်း မြန်မာ ရာသီဥတုနှင့်မူ ကိုက်ညီခြင်း မရှိကြောင်း ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေးက ပြောသည်။
စစ်အစိုးရနှင့် နီးစပ်သူ ထိပ်သီးစီပွားလုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်သော Yangon United FC ဘောလုံးအသင်းအတွက် ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ လှိုင်အားကစားကွင်းအား မြက်ခင်းတုကွင်းအဖြစ် ပြင်ဆင်မှုများ လုပ်ဆောင်နေချိန်တွင် ပြောလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ဆီက ရာသီဥတုနဲ့က မအပ်စပ်ဘူးဗျ။ မိုးခေါင်တဲ့ နေရာ၊ မြက်မပေါက်တဲ့ နေရာတွေမှာ မြက်အတုနဲ့ ကစားကြတာကိုး။ ဒီမှာက မိုးက ဖြိုင်ဖြိုင် ရွာတယ်။ မိုးတွေရွာရင် ကာရမယ်၊ သိမ်းရမယ်။ နိုင်ငံတကာပွဲတွေ အတွက်ဆိုလည်း ဖီဖာက သုံးခွင့်ပြုမထားဘူး” ဟု ဦးခင်မောင်ထွေးက မဇ္စျိမကို ပြောသည်။
မြက်ခင်းတုကွင်း ဆိုသည်မှာ ဓာတုဗေဒနည်းဖြင့် မြက်အစစ်ပမာ တုပပြုလုပ်ထားသည့် အပင်ငယ်များပါသော ကော်ဇောအလွှာများကို ညီညာစွာပြုပြင်ထားသည့် ဘောလုံးကွင်းမြေပေါ်တွင် တခုချင်းဆက်စပ် ဖြန့်ခင်းထားခြင်းပင် ဖြစ်သည်။
မြန်မာကျပ်ငွေ သိန်း ၄ ထောင်ကျော် (ပွဲကြည့်စင်ပြင်ဆင်ခမပါ) ကုန်ကျမည်ဖြစ်ပြီး ၆ လကျော်ကြာမြင့်မည့် ယင်းစီမံကိန်း လုပ်ကိုင်ခွင့်ကို ပြီးခဲ့သည့် ၃ လခန့်က ရရှိခဲ့ခြင်းဖြစ်ကြောင်း အသင်းမန်နေဂျာက ပြောသည်။
“လောလောဆယ် ကွင်းပတ်ပတ်လည်မှာရှိတဲ့ ခြံုတွေကို စက်ယန္တယားတွေနဲ့ထိုးပြီး မြေညှိနေတဲ့အပိုင်း လုပ်နေတယ်။ မြက်ခင်းတု ခင်းဖို့ အတွက်ကျတော့ ပညာရှင်တွေက လုပ်နေကြတယ်” ဟု အသင်း မန်နေဂျာ ဦးကျော်စိုးလွင်က မဇ္စျိမကို ပြောသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်-MFF က မြန်မာနေရှင်နယ်လိဂ်-MNL Club အသင်း ၈ သင်းမှ ဦးတေဇပိုင်သည့် Yangon United FC အသင်းအား အောင်ဆန်းအားကစားကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုခွင့် ပေးထားပြီး လှိုင်ကွင်းကိုမူ လေ့ကျင့်ရေးကွင်းအဖြစ် ယခုနှစ် စက်တင်ဘာလပိုင်း၌ နှစ်သုံးဆယ် အခမဲ့ အသုံးပြုခွင့် ပေးခဲ့သည်။
ဦးတေဇ၏ မူလအစီအစဉ်အရ အောင်ဆန်းကွင်းကို စင်္ကာပူမှ ATS Landscaping and Construction ကုမ္ပဏီ နှင့် MFF တို့၏ သဘောတူချက်ဖြင့် မြက်ခင်းတုကွင်းအဖြစ် ပြင်ဆင်ရန်ဖြစ်သော်လည်း အောင်ဆန်းကွင်းသည် နိုင်ငံတကာပွဲစဉ်များ ကျင်းပသည့် အားကစားကွင်းများထဲတွင် ပါဝင်သဖြင့် FIFA က ခွင့်မပြုခဲ့ကြောင်း MFF မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
ဘောလုံးကစားကွင်း တခုတည်းကိုသာ မြက်ခင်းတုများ ခင်းမှာဖြစ်ပြီး ကွင်းပတ်လည် တလျှောက်တွင်မူ ဂျပန်မြက်များ ဝယ်ယူ၍ ခင်းသွားမည် ဖြစ်သည်။
မြက်တုများ ခင်းပြီးနောက် လှိုင်ကစားကွင်းအား Yangon United FC အသင်း အိမ်ကွင်းအဖြစ် ကစားနိုင်ရန် ဘောလုံးအဖွဲ့ချုပ်သို့ လျှောက်ထားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများ လာရောက်ကစားလျှင်လည်း အခကြေးငွေဖြင့် ငှားရမ်းရန်လည်း အစီအစဉ်ရှိကြောင်း အသင်းမန်နေဂျာက ပြောသည်။
ရန်ကုန်ယူနိုက်တတ်အသင်း ဥက္ကဌမှာ ဦးတေဇ၏သား ဦးဖြိုးတေဇ ဖြစ်ပြီး ယခုအခါ ရန်ကုန်မြို့ခံ ပရိတ်သတ်များအား စွဲဆောင်နိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် စည်းရုံးလျက်ရှိကြောင်း ရန်ကုန်မြို့ခံများက ဝေဖန်နေကြသည်။
Yangon United FC အသင်းသည် အသင်းအောင်မြင်မှုအတွက် ယခုနှစ် ဘောလုံးရာသီတွင် ပြည်တွင်း ပြည်ပ အားကစားသမားအသစ်များဖြင့် အားဖြည့်ထားသော်လည်း အသင်း၏ ရလာဒ်မှာ အလယ်အလတ် အဆင့်၌သာ တည်ရှိသည်။
(ကိုဝိုင်း တည်းဖြတ်သည်)