ပြည်သူ့စစ်အတွက် လက်နက်ဝယ်ရန် ငွေကောက်ခံ

ပြည်သူ့စစ်အတွက် လက်နက်ဝယ်ရန် ငွေကောက်ခံ
မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်၊ ခေါဇာမြို့တွင် အခြေစိုက်ထားသည့် ခလရ ၃၁ တပ်ရင်းမှ ပြည်သူ့စစ်သင်တန်း တက်ရန်အတွက် ဒေသခံများကို အစည်းအဝေးခေါ်ယူပြီး ၄င်းပြည်သူ့စစ်များ ကိုင်ဆောင် ...

မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်၊ ခေါဇာမြို့တွင် အခြေစိုက်ထားသည့် ခလရ ၃၁ တပ်ရင်းမှ ပြည်သူ့စစ်သင်တန်း တက်ရန်အတွက် ဒေသခံများကို အစည်းအဝေးခေါ်ယူပြီး ၄င်းပြည်သူ့စစ်များ ကိုင်ဆောင်မည့် လက်နက်များကို ဝယ်ယူရန်အတွက် ငွေကြေးကောက်ခံမည်ဟု သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ခလရ ၃၁ မှ အစည်းအဝေးခေါ်ယူပြီး ခေါဇာမြို့မှ ပြည်သူ့စစ်အတွက် လူအယောက် (၃၀) စုဆောင်းထားရမည်ဟု ပြောကြားထားသည်။

ပြည်သူ့စစ်သင်တန်း မတက်ရောက်နိုင်သည့် ဒေသခံတို့သည် ငွေကြေးပေးဆောင်ရမည်ဟုလည်း အစည်းအဝေးတွင် ပြောထားသည်။

“ကိုယ့်အိမ်က ပြည်သူ့စစ် ဝင်လုပ်ရင် ငွေမပေးရဘူး၊ တကယ်လို့ မဝင်ရင် ငွေပေးရမယ်တဲ့။ အခုသူတို့ကောက်တဲ့ငွေတွေကလည်း အဲဒီ လူ (၃၀) အတွက် လိုအပ်တာကို ဖြည့်ဆည်းပေးဖို့အတွက်နဲ့ သူတို့အတွက် သေနတ်တွေဝယ်ပေးဖို့လို့ အစည်းဝေးမှာ ခလရ ၃၁ က ပြောထားတယ်” ဟု ခေါဇာမြို့ခံတစ်ဦးက ပြောသည်။

ငွေကြေးကောက်ခံရာတွင် အတန်းအစား (၃) မျိုး ခွဲဲထားပြီး တစ်အိမ်လျှင် အများဆုံး ကျပ် (၅၀၀၀၀) ၊ အလယ်အလတ်ကျပ် (၃၀၀၀၀) နှင့် အနိမ့်ဆုံးအဖြစ် ကျပ် (၂၀၀၀၀) ကောက်ခံမည်ဟု သိရသည်။

“ခေါဇာမြို့မှာပဲ မဟုတ်ဘူး၊ ရွာတွေဘက်မှာလည်း တရွာမှာ ၅ ယောက်၊ ၄ ယောက် ပြည်သူ့စစ် ဝင်လုပ်ရမယ်လို့ ကြားတယ်။ ဒါပေမယ့် ငွေကိုတော့ သူတို့ပေးရသလား မပေးရသလားတော့ အတိအကျ မသိရသေးဘူး” ဟု ၄င်းမြို့ခံက ပြောသည်။

ခေါဇာမြို့အတွင်းတွင် အိမ်ခြေ (၈၀၀) ကျော် ရှိပြီး၊ မြန်မာစစ်တပ်တို့နှင့် နီးစပ်သူများ၊ မယက ရယကတို့နှင့် နီးစပ်သူများအပါအဝင် ပြည်သူ့စစ်အဖြစ် ဝင်ရောက်လုပ်ကိုင်သူများအားလုံး အိမ်ခြေတစ်ရာကျော်မှာ ငွေကြေးပေးဆောင်ရခြင်းမှ ကင်းလွတ်ခွင့်ရှိပြီး ကျန်ရှိသည့် အိမ်ခြေ (၇၀၀) ခန့်မှာ ငွေကြေးပေးဆောင်ရသည်။

Most read this week