စတစ်ကာကပ် ယာဉ်များ လိုင်စင်တလ ပိတ်မည်

စတစ်ကာကပ် ယာဉ်များ လိုင်စင်တလ ပိတ်မည်
by -
နီမိုးမြင့်
ရန်ကုန်မြို့ရှိ စတစ်ကာကပ် ယာဉ်များကို လာမည့် ၂၀၁၀ နှစ်ဆန်းပို်င်းမှ စတင်၍ ဒဏ်ကြေးများ တိုးမြှင့်ကောက်ခံ သွားမည်ဟု ရန်ကုန်တိုင်း ကြိုးမဲ့၊ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ ရဲမှူးကြီး အောင်နိုင်က ပြော ...

ရန်ကုန် (မဇ္ဈိမ)။      ။ ရန်ကုန်မြို့ရှိ စတစ်ကာကပ် ယာဉ်များကို လာမည့် ၂၀၁၀ နှစ်ဆန်းပို်င်းမှ စတင်၍ ဒဏ်ကြေးများ တိုးမြှင့်ကောက်ခံ သွားမည်ဟု ရန်ကုန်တိုင်း ကြိုးမဲ့၊ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ ရဲမှူးကြီး အောင်နိုင်က ပြောသည်။

စတစ်ကာကပ်ယာဉ် တွေ့ရှိပါက ပထမအကြိမ်တွင် ဒဏ်ကြေးငွေ ကျပ် ၅ သောင်း၊ ဒုတိယအကြိမ် ၅ သောင်းနှင့် တတိယအကြိမ်အတွက် ကျပ်တသိန်းကို လတ်တလော ကောက်ခံနေသော်လည်း လာမည့်နှစ်ဆန်းပို်င်းမှ စတင်၍ ပထမအကြိမ်၌ပင် ဒဏ်ကြေးငွေ ကျပ်တသိန်းနှင့် ယာဉ်မောင်းလိုင်စင် တလ ပိတ်သိမ်းသွားမည်ဟု ရဲမှူးကြီး အောင်နိုင်က ဆိုသည်။

ထို့ပြင် ဒုတိယအကြိမ်ဆိုလျှင် ဒဏ်ငွေ ၂ သိန်းနှင့် ယာဉ်မောင်းလိုင်စင် ၃ လ ပိတ်သိမ်းကာ၊ တတိယအကြိမ်တွင် ၃ သိန်းနှင့် ယာဉ်မောင်း လိုင်စင် ၆ လ ပိတ်သိမ်း အရေးယူသွားမည်။ သို့သော် ယခုနှစ်ကုန်ပိုင်းဖြစ်သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများကို ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး မူလ ဒဏ်ကြေးအတိုင်းသာ ဆက်လက် ကောက်ခံသွားဦးမည်ဟု သိရသည်။

စတစ်ကာကပ် ယာဉ်များတွင် ကားမှန်၌ အရုပ််များ တပ်ဆင်ခြင်း၊ လိုက်ကာတပ်ဆင်ခြင်းနှင့် စုပ်ခွက်များ တပ်ဆင်ခြင်းများ အကြံုးဝင်မည်။

စတစ်ကာကပ် ယာဉ်များကို ယခုလို အရေးယူမှု တိုးမြှင့်ရခြင်းမှာ ကားများအတွင်း စတစ်ကာကပ်၍ အကာအကွယ်ယူကာ ဒုစရိုက်မှုများ ကျူးလွန်ခြင်းကို ဖော်ထုတ်တွေ့ရှိရသောကြောင့် ဖြစ်သည်ဟု ရဲမှူးကြီး အောင်နိုင်က ပြောသည်။

အများအားဖြင့် စတစ်ကာကပ် ယာဉ်များအတွင်း စိတ်ကြွဆေးပြား ရောင်းချမှု အများအပြားကို ဖမ်းဆီးရမိခဲ့ပြီး၊ အဆိုပါ မှုခင်းများထဲတွင် အစိုးရ အရာရှိကြီးများ၏ သားသမီးများပါ ပါဝင်ပတ်သက်မှုများလည်း တွေ့ရှိရသည်ဟု ရန်ကုန်တိုင်း မူးယစ်အဖွဲ့မှ ရဲအရာရှိတဦးက ပြောသည်။

ရန်ကုန်မြို့တွင် စတစ်ကာကပ် ယာဉ်များကို စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် စစ်အစိုးရ အရာရှိကြီးများ၏ သားသမီးများသာ အဓိက စီးနင်းနေကြသည်။

ပြည်ပမှ တင်သွင်းလာသော မူရင်းလေကာမှန် အမည်းများအတွက်လည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ထောက်ခံချက် ရယူရမည်ဖြစ်ပြီး၊ စက်မှုဇုန်ထုတ် ကားအားလုံးကိုလည်း စတစ်ကာ တပ်ဆင်ခွင့် မပြုကြောင်း သိရသည်။

Most read this week