မဇ္ဈိမ (ချင်းမိုင်) ။ ။ တခြားသော အမျိုးသားများကို မုန်းတီးခြင်းသည် အမျိုးသားရေး မဟုတ်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
”သူ (ဒေါ်အောင်ဆန်းစုကြည်) တခုပဲ ပြောပါတယ်။ အမျိုးသားရေးဆိုတာ အင်မတန်ကောင်းတယ်။ အမျိုးသားရေးဆိုတာ ကိုယ့်အမျိုးသားကို ကောင်းစားစေချင်တဲ့ စေတနာ မေတ္တာတွေ ကောင်းတယ်။ ဒါပေမယ်လို့ တခြားအမျိုးသားကို ထိခိုက်စေတဲ့ဟာ၊ တခြားအမျိုးသားကို မုန်းတီးတာဟာ အမျိုးသားရေး မဟုတ်ဘူးဆိုတာပဲ ပြောလိုက်တယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည် ပြောစကားကို ကိုးကား၍ မဇ္ဈိမကို ပြောသည်။
ရှေ့နေလည်းဖြစ်သော ဦးဉာဏ်ဝင်းနှင့် နေအိမ်ချုပ်ကျခံနေရသော ပါတီခေါင်းဆောင်တို့ ယနေ့နံနက်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြရာ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ယနေ့သည် မြန်မာ့ရိုးရာ ပြက္ခဒိန်အားဖြင့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ဖြစ်ပြီး ၈၉ နှစ်မြောက် အမျိုးသားနေ့ ဖြစ်သည်။ အင်္ဂလိပ်ကိုလိုနီ အစိုးရလက်အောက် ၁၉၂၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပညာရေးအဆင့် မြှင့်တင်စေလိုသော ကောလိပ်ကျောင်းသားများ၏ သပိတ်စတင်သောနေ့ကို အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြသည်။
စစ်အစိုးအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အမျိုးသားနေ့မိန်းခွန်း ပြောကြားသည်ကို ယနေ့ထုတ် စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မျက်မှောက်ကာလတွင် ခေတ်သစ်ကိုလိုနီနယ်ချဲ့ နိုင်ငံကြီးများက အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး နယ်ပယ်အသီးသီးကို လွှမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီး၏ ပြောဆိုသည့် စကားကို ဖော်ပြထားသည်။
ထို့အပြင် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်နေသည့်အတွက် ပြည်သူများက ပူးပေါင်း ဆောင်ရွက်ရန်လည်း တောင်းဆိုလိုက်သေးသည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၊ သြစတြေးလျား အပါအဝင် စီးပွားရေးနှင့် သံတမန်ရေးရာ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရေးတွင် ပါဝင်ကူညီပေးမည်ဆိုသော ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်က စစ်ခေါင်းဆောင်ထံ စာရေးသားပေးပို့ပြီးနောက် နောက်ဆက်တွဲအဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် အများပြည်သူ မြင်ကွင်းတွင် ပြန်လည်ပေါ်ထွက်လာခဲ့ကာ သူမ၏ ပြောစကားများလည်း တဆင့်စကားအဖြစ် ပုံမှန်ထွက်ပေါ်လာနေခဲ့သည်။
ရန်ကုန်ရှိ အန်အယ်ဒီ ရုံးချုပ်တွင် ကျင်းပသော အမျိုးသားနေ့ အခမ်းအနားအတွက် ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းမှတဆင့် နှုတ်ဖြင့် သဝဏ်လွှာပါး ကျေးဇူးတင်စကား ဆိုလိုက်သည်။ ပြည်နယ်နှင့် တိုင်း အသီးသီးမှ ခေါင်းဆောင်များ မအားလပ်သည့်ကြားမှ အခမ်းအနား တက်ရောက်ခြင်းအပေါ် ကျေးဇူးတင်သည်ဟု သူမက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် ထပ်မံတောင်းဆိုလိုက်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များအား အမြန်ဆုံးလွှတ်ပေးရန် လိုအပ်သည်ဟု ဆိုသည်။
ထို့အပြင် အဖွဲ့ချုပ် ရုံးများကို ကာလရှည်ကြာ ပိတ်ထားခြင်းမှ ပြန်လည်ဖွင့်ခွင့်ပြုရန်နှင့် လွတ်လပ်စွာ စည်းရုံးခွင့်၊ တရားဝင် စည်းရုံးခွင့်ပေးရန်၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲတွင် အနိုင်ရပြီးမှ ဖျက်သိမ်းခံပါတီများ အပါအဝင် နိုင်ငံရေးပါတီများကို နိုင်ငံရေး မှတ်ပုံတင်ခွင့်ပေး၍ စည်းရုံးခွင့်ပြုရန်တို့ကို စစ်အစိုးရအနေဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အမျိုးသားနေ့ အထိန်းအမှတ်အဖြစ် “ဒီအမျိုးသားနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို နှုတ်နဲ့ သဝဏ်လွှာပါးခွင့်ရတာဟာ ထူးခြားတယ်လို့ ပြောချင်ပါတယ်။ မြန်မာ့နိုင်ငံအရေး ပြေလည်မှု အလားလာ တိုးတက်လာသလားလို့ မျှော်လင့်နိုင်တယ်ဆိုရင်တော့ အားတက်စရာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဝါရင့်နိုင်ငံရေးသမားများ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ - CRPP နှင့် ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အပါအဝင် လူဦးရေ ၁၀၀၀ ခန့် တက်ရောက်ခဲ့သည်။
မြန်မာ့နိုင်ငံရေး ဖြတ်သန်းမှုတွင် ကာလရှည်စွာ ပါဝင်လာခဲ့သည့် ဝါရင့်နိုင်ငံရေးသမားအစုကလည်း တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ပါဟု ပြောဆိုလိုက်သည်။