မဇ္ဈိမ (ချင်းမိုင်)။ ။ နိုင်ငံရေးပြစ်မှုဖြင့် တရားစွဲခံထားရသော ဒေါ်နော်အုန်းလှ အပါအဝင် အတိုက်အခံ အမျိုးသမီး ၄ ဦး၏ အမှုကို ယမန်နေ့က ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားလိုဘက်က တင်ပြချက်ကို ကြားနာမှု ပြုခဲ့သည်။
ဒေါ်နော်အုန်းလှ၊ မမြင့်မြင့်စန်း၊ မချိုချိုလွင်၊ မချိုတို့ကို အင်းစိန်ထောင်တွင်းရှိ တရားရုံးတွင် တရားသူကြီး ဦးအောင်သိန်း ရှေ့မှောက် တရားလို ဒုရဲအုပ် အောင်ထွန်းသက်နှင့် တရားလိုပြသက်သေ သင်္ကန်းကျွန်းမြို့နယ် ရယက ဥက္ကဋ္ဌ ၂ ဦးက ထွက်ဆိုခဲ့သည်။
နိုဝင်ဘာလ ၃ ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်း မကွေး ပရိယတ္တိစာသင်တိုက်တွင် ဆွမ်းကပ်ပြီး ပြန်အလာ ရဲက ဖမ်းဆီးခဲ့သည်ဟု နေအိမ်အကျယ်ချုပ် ကျခံနေရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ ဖြစ်ကြသည့် သူတို့က ပြောသည်။
သို့သော် စစ်ကြောရေးစခန်းမှတဆင့် ထောင်သို့ အပို့ခံရပြီး နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု၊ ပုဒ်မ ၅၀၅ (ခ) ဖြင့် ရဲက တရားလိုလုပ်ကာ တရားစွဲထားသည်။ ပုံမှန်အားဖြင့် ယခုပြစ်မှုဖြင့် စွဲဆိုသော အမှုများကို မြို့နယ် တရားရုံးများတွင် စစ်ဆေးသော်လည်း ယခု တရားဆိုင်များမှာ အတိုက်အခံ နိုင်ငံရေးသမားများ ဖြစ်သည့်အတွက် နေပြည်တော်က ဝင်ရောက်စွက်ဖက်မှုကြောင့် ထောင်တွင်းတရားရုံးတွင် စစ်ဆေးခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒီနေ့ ကျနော်က တရားသူကြီးကို မေးလိုက်တာ။ ဒီပုဒ်မက မြို့နယ်မှာ စစ်တာ ဘာကြောင့် ခရိုင်စစ်ရတာလဲလို့ မေးလိုက်တာ။ တရားသူကြီးက နေပြည်တော် တရားရုံးချုပ်က ညွှန်ကြားလို့ စစ်ရတယ်ပေါ့” ဟု ရှေ့နေဦးကျော်ဟိုးက ပြောသည်။
နောက်ထပ် ကြားနာမှုကို လာမည့် တနင်္လာနေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။
တရားဆိုင် အမျိုးသမီး ၄ ဦးလုံးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားတွင် အင်္ဂါနေ့တိုင်း ဝတ်ပြု ဆုတောင်းခဲ့သူများလည်း ဖြစ်သည်။