မွန်ပြည်သစ်ပါတီအပေါ် ဖိအားပေးလာမည့် စစ်အစိုးရ၏ လုပ်ရပ်မှန်သမျှကို မွန်လူငယ်ထု၊ မွန်လူထုအခြေပြု လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဝိုင်းဝန်း ဆန့်ကျင်သွားမည်ဟု တိုးတက်သော မွန်လူငယ်များ အစည်းအရုံး (MYPO) က ဆုံးဖြတ်လိုက်သည်။
MYPO ၏ ဒုတိယအကြိမ် ညီလာခံမှ ၄င်းဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ ညီလာခံကို ၂၀၀၉ ခုနှစ် နိုဝင်ဘာ (၃) ရက် (၄) ရက်နေ့များတွင် ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို အခြေခံကာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။
မြန်မာ့ဒီမိုကရေစီအရေးနှင့် မွန်လူမျိုးတို့၏ တန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်လျက်ရှိသော မွန်ပြည်သစ်ပါတီ၏ မှန်ကန်သော နိုင်ငံရေးသဘောထားကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ၄င်းအစည်းအရုံး၏ ဒု-ဥက္ကဋ္ဌ နိုင်ညာဏ်စိုက်ရာမာန်က ပြောသည်။
၄င်းက “မွန်ပြည်သစ်ပါတီက စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေကို မပြင်ပေးဘူးဆိုရင် ၂၀၁၀ ရွေးကောက်ကို သူတို့မစဉ်းစားဘူး၊ မွန်အမျိုးသားတွေအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်မရှိဘဲနဲ့ ပါတီနဲ့ တပ်ကို ခွဲပြီး၊ ဖျက်သိမ်းပြီး နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲရေးကိုလည်းု သူတို့က လက်မခံနိုင်ဘူး၊ ဒါဟာ မှန်ကန်တဲ့နိုင်ငံရေးသဘောထားလို့ ကျနော်မြင်တယ်၊ နောက်တော့ ကျနော်တို့ရဲ့ ရပ်တည်ချက်ကလည်း ဖိအားပေးအင်အားစုကဏ္ဍကနေ နိုင်ငံရေးပါတီတွေကို ဝန်းရံသွားဖို့ပါပဲ၊ ဒါ့ကြောင့် ကျနော်တို့ ဒီလိုဆုံးဖြတ်ရတာပါ” ဟု ပြောသည်။
ယမန်နေ့က ထုတ်ပြန်သော ၎င်းတို့၏ ကြေငြာချက်တွင် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်သုံးသပ်ခြင်း မပြုဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပါက ယင်းရလဒ်သည် တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တိုင်းရင်းသားတို့၏ တန်းတူအခွင့်အရေးကို ဖော်ဆောင်ပေးနိုင်မည် မဟုတ်ကြောင်း ပါရှိသည်။
"ဒီ၂၀၁၀ ရွေးကောက်ပွဲကို တတ်နိုင်တဲ့ဘက်ကနေ နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ ဆန့်ကျင်သွားမယ်။ လွန်ခဲ့တဲ့လက မွန်လူငယ်များ နှီးနှယ်ဖလှယ်ပွဲမှာ ဆုံးဖြတ်ထားတဲ့အတိုင်း မွန်နိုင်ငံရေးပါတီတွေ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တွေရဲ့ ဦးဆောင်မှုကို ကျနော်တို့ ခံယူသွားမယ်။ ဒီပါတီတွေကို ကျနော်တို့ ဝန်းရံသွားမယ်"ဟု ပြောကြားသည်။
တိုးတက်သော မွန်လူငယ်အစည်းအရုံး၏ ရပ်တည်ချက်နှင့် ပတ်သက်၍ မွန်အမျိုးသားရေးရာသမဂ္ဂမှ မွန်လူငယ်တစ်ဦး ဖြစ်သော နိုင်အဆောင်းဝီ က “MYPO ရဲ့ ရပ်တည်ချက်က ကောင်းပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ပြုနေတဲ့ မွန်ပါတီတွေကို သူတို့ဘယ်လိုသဘောထားမလဲဆိုတာ Statement ထဲမှာ မပါဘူး။ မွန်ပြည်သစ်ရဲ့ ဦးဆောင်မှုကိုပဲ ခံယူတဲ့အပိုင်းက သိပ်အားကောင်းစေမှာ မှန်ပေမယ့် အခြားမွန်ဒီမိုကရေစီအင်အားစုတွေရဲ့ သဘောထားကိုလည်း မွန်လူငယ်အဖွဲ့က ခံယူသင့်တယ်။ ပြီးခဲ့တဲ့ လူငယ် နှီးနှယ်ဖလှယ်ပွဲက ဆုံးဖြတ်ချက်အတိုင်းသာ ဆိုရင် ကျနော်တို့မွန်လူငယ်တွေကို ကိုယ်စားပြုတဲ့ ပြတ်သားတဲ့ ရပ်တည်ချက်တွေ MYPO က ချမှတ်ဖို့ လိုတယ်” ဟု သုံးသပ်ပြောကြားသည်။
တိုးတက်သော မွန်လူငယ်များအစည်းအရုံး (MYPO) ကို လွန်ခဲ့သည့် ၂၀၀၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ယခု ကျင်းပခဲ့သည့် ဒုတိယအကြိမ် ညီလာခံ၌ ခေါင်းဆောင်ပိုင်းကို လူငယ်များဖြင့် အစားထိုးခန့်အပ်ခဲ့သည်။