ဒါကာ (မဇ္ဈိမ)။ ။ နှစ်နိုင်ငံ နယ်စပ်တွင် ဖြတ်သန်းသွားလာနေသည့် မှောင်ခိုလုပ်ငန်းကို ဟန့်တားရန်အတွက် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားစောင့်တပ်များ၏ ယမန်နေ့ အစည်းအဝေးတွင် သဘောတူခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်သို့ ရိုဟင်ဂျာများ ခိုလှုံဝင်ရောက်မှု၊ လက်နက်၊ မူယစ်ဆေးဝါးနှင့် အခြား မှောင်ခိုပစ္စည်းများကို နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ ပူးတွဲဟန့်တားရန် သဘောတူခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ BDR အရာရှိတဦး၏ ပြောဆိုချက်ကို ကိုးကားကာ ကော့စ်ဘာဇာ နေ့စဉ်ထုတ် သတင်းစာ Dainik Cox’s Bazar တွင် ယနေ့ ရေးသားဖော်ပြထားခြင်း ဖြစ်သည်။
နယ်စပ်မိုင်တိုင် အမှတ် ၄၉ အနီးတွင် တနာရီ ကျင်းပခဲ့သော အစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ် နတ်ကျောက်စရီ အခြေစိုက် အမှတ် (၁၅) နယ်ခြားစောင့်တပ် BDR မှ ဒုဗိုလ် Khaletdul Hoque နှင့် မြန်မာဘက်မှ အမှတ် (၁) နယ်စပ်ဒေသ စိစစ်ရေးနှင့် ကွပ်ကဲရေးဌာနချုပ်မှ ဗိုလ်ကျော်ဇင် ဦးဆောင်သော အဖွဲ့တို့ ဆွေးနွေးခဲ့ကြသည်။
နတ်ကျောက်စရီမြို့သည် မြန်မာနှင့် တောတောင်များသာ ဆက်စပ်လျက်ရှိပြီး၊ မှောင်ခိုပစ္စည်း ကူသန်းရောင်းဝယ်မှု အများဆုံးမှာ တက္ကနာ-မောင်တော နယ်စပ်ဖြစ်ကြောင်း ကော့စ်ဘာဇာ ထောက်လှမ်းရေး သတင်းရပ်ကွက် အဆိုအရ သိရသည်။
ပြီးခဲ့သည့်လ ၂၅ ရက်နေ့တွင် ဘင်္ဂလားနယ်စပ်မြို့ တက္ကနာမှ ဒါကာသို့ သွားရောက်သော ခရီးသည်တင် ဘတ်စ်ကားပေါ်၌ မြန်မာပြည်မှ တင်သွင်းလာသည့် တာကာငွေ ရ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ တကီလိုကို ဘင်္ဂလားဒေ့ရှ် မူးယစ်တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး၊ မြန်မာနယ်စပ်မြို့ မောင်တောတွင်လည်း ၃၁ ရက်နေ့တွင် စိတ်ကြွဆေးပြား ၉၇၈၀ ကို ရဲက ဖမ်းဆီးခဲ့သည်။
မောင်တောခရိုင်၌ ယခုနှစ်အတွင်း အများဆုံး ဖမ်းမိခြင်းဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် မြန်မာဘက်မှ တရားမဝင် မှောင်ခိုပစ္စည်းများကို စစ်ဆေးရန် ကီလိုမီတာ ရ၀ ခန့် ရှည်လျားသည့် တက္ကနာ-ကော့စ်ဘာဇာ ကားလမ်းတွင် စစ်ဆေးရေးဂိတ် ၄ ဂိတ်ထားရှိရာ၊ ဒုံဒုံများ၊ လေးတန်း၊ တောင်ပြိုနှင့် မော်ရီကြာ ကျေးရွာများတွင် တည်ရှိသည်။