နယူးဒေလီ (မဇ္စျိမ)။ ။ နာမည်ဆိုးနှင့် ကျော်ကြားလှသည့် ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း၌ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝင်းအောင် အပါအဝင် တပတ်အတွင်း သေဆုံးသူအကျဉ်းသား ၆ ဦးရှိသွားပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဦးဝင်းအောင် (အသက် ၆၅) နှစ်၊ မသီတာစိုး (ပုဇွန်တောင်)၊ ကိုမရမ်းသီး (မင်္ဂလာဒုံ)၊ ကိုဖြိုး၊ ကိုမြင့်ဝေနှင့် ကိုဖိုးစီသည် ပြီးခဲ့သည့်လ ၂၈ ရက်နေ့မှ ယခုလ ၄ ရက်နေ့အတွင်း သေဆုံးခဲ့ကြောင်း ထောင်နှင့် နီးစပ်သည့် သတင်းရပ်ကွက်တခုက ပြောသည်။
သေဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိရန်အတွက် ရန်ကုန်တိုင်း အကျဉ်းဦးစီးဌာနနှင့် အင်းစိန်ထောင်သို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူများက ထောင်အရာရှိများ အစည်းအဝေး လုပ်နေသည်ဟုဆိုကာ ဖြေဆိုရန် ငြင်းဆန်သည်။
ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP (B) မှ ကိုအောင်ကျော်ဦးက “ထောင်မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတယ်လို့ ကြားတာ ၃ ရက်လောက် ရှိပြီ။ သေချာတော့ မသိရသေးဘူး။ တခုခုဖြစ်နေတာတော့ သေချာတယ်” ဟု ပြောသည်။
အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသားပေါင်း ရ၀၀၀ မှ ၈၀၀၀ အထိ ရှိနိုင်ကြောင်း နိုင်ငံရေး လှုပ်ရှားသူများ၏ အမှုအခင်းများကို ကူညီဆောင်ရွက်ပေးနေရင်း ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရသည့် ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းက မဇ္စျိမကို ပြောသည်။
ဦးအောင်သိန်းက “ကျနော် အမှုလိုက်ပေးတဲ့ သူတွေထဲမှာ တီဘီသမားတွေ၊ အာဟာရပြတ်လို့ အားနည်းတဲ့သူတွေ၊ အရေပြားအနာတွေ ပေါက်နေသူတွေ ရှိတယ်” ဟု ပြောသည်။
အကျဉ်းသားတချို့သည် အကျဉ်းထောင်မရောက်မီ စစ်ကြောရေးစခန်းများနှင့် မြို့နယ်ရဲစခန်းများတွင် စစ်ဆေး မေးမြန်းခံရစဉ် ထိုးကြိတ် ကန်ကျောက်မှု၊ ရိုက်နှက်ခံရမှုများကြောင့် ခန္ဓာကိုယ်တွင် အတွင်းဒဏ်ရာများဖြင့် အကျဉ်းထောင်များအတွင်း သေဆုံးရသည်များလည်း ရှိသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အမှတ် (၁) စစ်ကြောရေးစခန်းတွင် ရက်သတ္တတပတ်ကြာ ရေနှင့် အစားအသောက် မကျွေးဘဲ ချုပ်နှောင်စစ်ဆေးခံခဲ့ရပြီး၊ ယခုအခါ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် သီတင်းသုံးနေထိုင်သည့် ဦးဇင်း ဦးပညာသီရိက စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းခံရပုံကို ပြောသည်။
“ခေါင်း၊ ရင်ဝတွေကို စစ်ဖိနပ်နဲ့ ဆောင့်ကန်၊ နံကြားလက်ထိုးပြီး နံကိုင်းတွေကိုဆွဲ၊ ခြေသန်းတွေကို စစ်ဖိနပ်နဲ့ တက်ကြိတ်တယ်။ သူတို့လိုချင်တဲ့ အဖြေရသည်အထိကို လုပ်တယ်။ မူးမေ့သွားအောင် လုပ်တာမျိုးပေါ့” ဟု ဦးဇင်းက မိန့်ဆိုသည်။
အကျဉ်းသားများအနေဖြင့် ငွေကြေးတတ်နိုင်ပါက ထောင်တွင်းဆေးရုံနှင့် သက်ဆိုင်ရာ မြို့နယ်ဆေးရုံများတွင် အချိန်မီ ဆေးဝါးကုသမှု ခံယူနိုင်သော်လည်း ငွေကြေး မတတ်နိုင်သူအများစုမှာ ထောင်တွင်း၌ပင် သေဆုံးခဲ့ရသည်များ ရှိခဲ့ကြောင်း ထောင်တွင်း အတွေ့အကြံုရှိသူများက ဆိုသည်။
၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ၂၁ နှစ်ကြာကာလအတွင်း မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် သေဆုံးသူ နိုင်ငံရေး အကျဉ်းသား ဦးရေ သည်ပင်လျှင် ၁၄၁ ဦး ရှိသွားပြီ ဖြစ်ကြောင်း AAPP (B) စာရင်းထုတ်ပြန်ချက်အရ သိရသည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)