ရန်ကုန်-မန္တလေး လမ်းမကြီး အသုံးပြုခ ၂ ဆတိုးမြှင့် ကောက်ခံ

ရန်ကုန်-မန္တလေး လမ်းမကြီး အသုံးပြုခ ၂ ဆတိုးမြှင့် ကောက်ခံ
by -
ဆလိုင်းဟံသာစန်း
ပြုပြင်ထိန်းသိမ်းစရိတ် မြင့်တက်လာသဖြင့် ရန်ကုန်-မန္တလေး လမ်းမကြီး အသုံးပြုခကို ၂ ဆ တိုးမြှင့်ကောက်ခံ နေကြောင်း လမ်းအပိုင်းအချို့ကို တာဝန်ယူထိန်းသိမ်းနေ ...

နယူးဒေလီ (မဇ္စျိမ)။       ။ ပြုပြင်ထိန်းသိမ်းစရိတ် မြင့်တက်လာသဖြင့် ရန်ကုန်-မန္တလေး လမ်းမကြီး အသုံးပြုခကို ၂ ဆ တိုးမြှင့်ကောက်ခံ နေကြောင်း လမ်းအပိုင်းအချို့ကို တာဝန်ယူထိန်းသိမ်းနေသည့် ကုမ္ပဏီ ၂ ခုက ပြောသည်။

ထိန်းသိမ်းစရိတ် ကာမိစေရန် အခွန်တိုးကောက်ခွင့်ကို နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ၊ ခွင့်ပြုချက် ကျသဖြင့် ပြီးခဲ့သည့်လမှ စတင်၍ ယခုလို ကောက်ခံနေကြောင်း ရွှေသံလွင်နှင့် အိုလံပစ် ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောဆိုကြခြင်း ဖြစ်သည်။

“အထက်ကချပေးတာ ကုမ္ပဏီတိုင်းပဲဗျ။ ကျနော်တို့က စာတင်တာ နောက်အကျဆုံးပဲ။ နေပြည်တော်က ဝန်ကြီးဆီကိုလေ။ ကျနော်တို့က အောက်တိုဘာလ ၂၁ လောက်မှ ကောက်တာ။ အရင်ထက် ၂ ဆပေါ့။ လမ်းတွေက အဆင့်မြင့်လာတော့ ထိန်းသိမ်းခတွေ တက်လာလို့လေ” ဟု သူက မဇ္စျိမကို ပြောသည်။

ရွှေသံလွင်သည် ပဲခူး-ညောင်လေးပင် လမ်းပိုင်းကို တာဝန်ယူထိန်းသိမ်းနေသည့် ကုမ္ပဏီ ဖြစ်သည်။ ညောင်လေးပင်-ဖြူးလမ်းပိုင်းကို တာဝန်ယူ သည့် အိုလံပစ်ကုမ္ပဏီမှ တာဝန်ရှိသူကလည်း ပြီးခဲ့သည့်လလယ်မှ စတင်၍ ၂ ဆ တိုးမြှင့် ကောက်ခံခဲ့ကြောင်း ပြောဆိုသည်။

ယခင်ကောက်ခံသည့် စျေးနှုန်းမှာ တန် ၂၀ ကားကြီးတစီးလျှင် ၂၀၀၀ ကျပ်၊ တန်အပိုတင်ဆောင်ပါက တတန်လျှင် ၂၀၀ ကျပ်၊ ခရီးသည်တင် လူစီးအဝေးပြေးကားကြီးတစီးလျှင် ၂၀၀၀ ကျပ်နှင့် ကားသေးတစီးလျှင် ၁၀၀ ကျပ် ဖြစ်သည်။ လမ်းပိုင်း အတိုအရှည်ပေါ် မူတည်၍ စျေးနှုန်း ကွာသည်။

ပြီးခဲ့သည့်လ ၁ ရက်နေ့မှ စတင်၍ အေးရှားဝေါလ် ကုမ္ပဏီကလည်း ၎င်းတာဝန်ယူထားသည့် လမ်းပိုင်း ၂ ပိုင်းတွင် လမ်းအသုံးပြုခ အခွန် ၂ ဆ တိုးမြှင့်ခဲ့ပြီးနောက် ကျန်ကုမ္ပဏီ ၆ ခုကပါ ယခုလို တိုးမြှင့်လိုက်ကြခြင်း ဖြစ်သည်။

ရန်ကုန်-မန္တလေး လမ်းမကြီးတွင် လမ်းပိုင်း ၉ ပိုင်း ပိုင်းခြားထားရာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက မက်စ်မြန်မာ၊ ရွှေသံလွင်၊ ယုဇန၊ သော်တာဝင်း၊ အိုလံပစ်၊ အေးရှားဝေါလ်နှင့် ကမ္ဘောဇ စသည့် ဆောက်လုပ်ရေး ကုမ္ပဏီကြီး ရ ခုကို  ကန်ထရိုက်စနစ်ဖြင့် လုပ်ကိုင်ခွင့် ချပေးထားသည်။ သက်ဆိုင်ရာ ကုမ္ပဏီများက တာဝန်ယူထားသည့် လမ်းပိုင်းများ ပျက်စီးယိုယွင်းပါက ထိန်းသိမ်း ပြုပြင်ရမည် ဖြစ်သည်။

လမ်း ၉ ပိုင်းအနက် မက်စ်မြန်မာက ထောက်ကြန့်-ပဲခူး၊ ရွှေသံလွင်က ပဲခူး-ညောင်လေးပင်၊ အိုလံပစ် က ညောင်လေးပင်-ဖြူး၊ အေးရှားဝေါလ်က ရေတာရှည်-ပျဉ်းမနားနှင့် ပျဉ်းမနား-ရမည်းသင်း လမ်းပိုင်းများကို တာဝန်ယူထားသည်။

လမ်းပိုင်းတခုတွင် လမ်းအသုံးပြုခ ကောက်ခံရေးဂိတ် (တိုးဂိတ်) တခုစီရှိသဖြင့် လမ်းတလျှောက် ဂိတ်ပေါင်း ၉ ဂိတ် ရှိပြီး ကတ္တားချိန်သည့် နေရာ ၁၁ နေရာ ရှိသည်။

လမ်းမကြီးပေါ်တွင် ကုန်စည်များ တင်ဆောင်၍ သွားလာနေသည့် အဝေးပြေး ကုန်တင်ကားကြီးများသည် ကုန်တန်ချိန်ပေါ် မူတည်၍ မြို့ဝင်ခ၊ တံတားအသုံးပြုခနှင့် ကတ္တားချိန်ခကို သက်ဆိုင်ရာ လမ်းပိုင်းတွင် တာဝန်ယူထားသည့် ကုမ္ပဏီများသို့ ပေးဆောင်ကြရသည်။

ပြီးခဲ့သည့်လ မတိုင်မီက ကုန်စည်တခေါက်လျှင် ကျပ် ၂ သိန်းဝန်းကျင် ကုန်ကျခဲ့သော်လည်း လမ်းအသုံးပြုခ ၂ ဆ ကောက်ခံလိုက်သဖြင့် တခေါက်လျှင် ကျပ် ၃ သိန်းကျော် ကုန်ကျသွားကြောင်း ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင် ကားဝင်းမှ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက မဇ္စျိမကို ပြောသည်။

ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် စရိတ်စက ပိုမိုကုန်ကျလာသဖြင့် ယခုရက်ပိုင်းအတွင်း တန်ဆာခ (ကုန်စည်ပို့ဆောင်ခ) စျေးနှုန်းများ လည်း အနည်းငယ် တိုးမြှင့်တောင်းခံနေသည်။

“အပိုကုန်ကျစရိတ် ဖြစ်သွားတော့ ကားသမားက မကိုက်တော့ မထွက်နိုင်ဘူး။ မထွက်နိုင်တာကို ကျနော်တို့က ညှိပြီး တဖက်က ကားသမား ထွက်လို့ရအောင် ကုန်စျေးနှုန်းလေး နည်းနည်းတက်ပေးပါမှ သူ့အတွက် ကားထွက်နိုင်တဲ့ အနေအထား ရှိမယ်။ ဒီလို စျေးတက်လိုက်လို့ ကားသမားက ကိုက်သလားဆိုတော့လည်း အရင်လိုပါပဲ” ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်က ဆိုသည်။

ပြီးခဲ့သည့် လလယ်ပိုင်းတွင် တန်ဆာခမှာ ဆီပီပါ တလုံးလျှင် ၅၀၀၀ ကျပ်၊ ကုန်ကျစ် (အောက်ခံကုန်) တတန်လျှင်  ၁၉၀၀၀ ကျပ်နှင့် ကုန်ပွ တပိဿာလျှင် ၄၅ ကျပ်ရှိခဲ့ရာမှ လွန်ခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ ဆီပီပါတလုံးလျှင် ၅၃၀၀ ကျပ်၊ ကုန်ကျစ်တတန် ၂၁၀၀၀ ကျပ်နှင့် ကုန်ပွ တပိဿာ ၅၀ ကျပ်သို့ မြင့်တက်သွားသည်။

သံ၊ သံပြား၊ သွပ်စသည့် ဆောက်လုပ်ရေးပစ္စည်းများ၊ ဆန်၊ ဆီ ကဲ့သို့ စားသောက်ကုန်များကို ကုန်ကျစ် (အောက်ခံကုန်) ဟု ခေါ်ဆိုပြီး၊ ခေါက်ဆွဲခြောက်၊ ကြာဇံ၊ ပလတ်စတစ်၊ ထိုင်ခုံ စသည့် ပစ္စည်းများကို ကုန်ပွဟု ခေါ်ဆိုကြသည်။

မိုင်ပေါင်း ၄၃၂ မိုင်ခန့် ရှည်လျားသည့် ရန်ကုန်-မန္တလေး လမ်းမကြီးကို အသုံးပြု၍ ရန်ကုန်မှ မန္တလေးသို့ သံ၊ ဘိလပ်မြေ၊ သွပ် စသည့် အိမ်ဆောက်ပစ္စည်းများ၊ ဆန်၊ ဆီ၊ ကွမ်းသီး စသည့် စားကုန်များနှင့် ငပိ၊ ငါးခြောက် စသည့် ရေထွက်ပစ္စည်းများ တင်ပို့လျက်ရှိသည်။ မန္တလေးမှ ရန်ကုန်သို့ ကောက်ပဲသီးနှံ၊ သစ်၊ မြေသြဇာနှင့် သကြား စသည့် ကုန်ပစ္စည်းများ တင်ပို့နေသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

Most read this week