နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် သူတို့၏ ထိပ်တန်း ၄ လပတ် အစည်းအဝေးကို ယခုလ တတိယ သို့မဟုတ် စတုတ္ထပတ်တွင် ကျင်းပရန် စိုင်းပြင်းနေသည်ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်များက ပြောသည်။
အဆိုပါ ၄ လပတ်အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သီရိလင်္ကာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် ခရီးမှအပြန် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပဖွယ်ရှိသည်။ အဆိုပါ အစည်းအဝေးအပြီးမှသာ အပြောင်းအလဲများ ပေါ်ပေါက်လာဖွယ်ရှိသည်ဟု အဆိုပါ သတင်းရပ်ကွက်များက ဆိုသည်။
နအဖအကြီးအကဲသည် သီရိလင်္ကာနိုင်ငံသို့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ရောက်ရှိမှာဖြစ်ပြီး ၃ ရက်ကြာ လည်ပတ်မည်ဟု စုံစမ်းသိရှိရသည်။
၂၀၁၀ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအတွက် အသေးစိတ်ကိစ္စများ ဆုံးဖြတ်ရန်ရှိခြင်း၊ ဝန်ကြီးအဖွဲ့ဝင်များကို ပြန်လည် ခန့်ထားရန်ရှိခြင်း၊ အသက်အရွယ်ကြီးရင့်သော ဝန်ကြီးဟောင်းများကို အငြိမ်းစားပေး၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် ရှိနေခြင်း တို့ကြောင့် ထိပ်တန်းစစ်အရာရှိကြီးများ တက်ရောက်မည့် ယခု ၄ လပတ် အစည်းအဝေးသည် အရေးပါသည်ဟု မြန်မာ့အရေး သုံးသပ်သူများက ယုံကြည်ကြသည်။
''တပ်မှူးအများစုက ဝန်ကြီးအဖြစ် ရာထူးတိုးတာ၊ ဝန်ကြီးအဖွဲ့ထဲ ပါရမှာကို မကြိုက်ကြဘူး။ ဒီအတိုင်း တပ်မှာ တပ်မှူးရာထူးနဲ့ နေတာက ယာယီဝန်ကြီးနေရာထက်စာရင် အများကြီး ပိုအာမခံချက် ရှိတယ်လို့ ထင်ကြတာ'' ဟု တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
အသစ်ပြန်လည်ဖွဲ့စည်းမည့် ဝန်ကြီးအဖွဲ့သည် ကြားဖြတ်အစိုးရအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ လုပ်ပိုင်ခွင့် အကန့်အသတ်နှင့်သာ ရှိမည်ဖြစ်ကာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကြီးကြပ်ရမည်ဖြစ်သည်။ အဆိုပါ ဝန်ကြီးအဖွဲ့သစ်တွင် ဝန်ကြီး ၆ ဦးမှ ၈ ဦးအထိသာ ပါမည်ဖြစ်ပြီး၊ လက်ရှိ ဝန်ကြီးအဖွဲ့တွင်မူ ဝန်ကြီးဌာန ၃၀ ကျော်ရှိသည်။
''ဒီအစည်းအဝေးအပြီးမှာ စစ်အစိုးရက ရွေးကောက်ပွဲဥပဒေကို ကြေညာနိုင်တယ်'' ဟု ဦးအောင်ကျော်ဇောက ပြောသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဟု တရားဝင်အမည်ဖြင့် သိရှိကြသော စစ်အစိုးရသည် အဆိုပါ ၄ လပတ် အစည်းအဝေးများကို ပုံမှန်ကျင်းပလေ့ရှိပြီး၊ ထိုအစည်းအဝေးများတွင် အရေးပါသည့် စစ်ရေးနှင့် အုပ်ချုပ်ရေး ကိစ္စရပ်များကို ဆုံးဖြတ်လုပ်ကိုင် လေ့ရှိသည်။
''ကျနော်သိသလောက် စစ်အစိုးရက ဒီနှစ် ၂၀၀၉ ခုနှစ်ထဲမှာ ၄ လပတ် အစည်းအဝေးကို ဧပြီလမှာ တကြိမ်ပဲ ကျင်းပနိုင်ခဲ့သေးတယ်။ နောက်တကြိမ် အစည်းအဝေးက နိုဝင်ဘာလနှောင်းပိုင်းမှာ ဖြစ်ဖို့များတယ်'' ဟု ချင်းမိုင်အခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဦးဝင်းမင်းက မဇ္ဈိမကို ပြောသည်။
စစ်ဗိုလ်ချုပ်အများအပြား ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိခြင်းကြောင့် သူတို့နေရာတွင် အစားထိုးခန့်အပ်ရန် လိုသည်ဟု ဦးဝင်းမင်းက ပြောသည်။
စစ်တပ်မှ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများအတွက် မဲဆန္ဒနယ်မြေများ သတ်မှတ်ပြီးပြီဟု စစ်အစိုးရနှင့် နီးစပ်သော သတင်း ရပ်ကွက်များက ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရပ်ရွာမှ လူအများ ရိုသေလေးစားသည့် အရပ်သား ကိုယ်စားလှယ်လောင်းများကိုလည်း အာဏာပိုင်များက ရှာဖွေလျက်ရှိသည်။