လက်ရှိ ကွမ်းသီးစျေး ကျဆင်းနေခြင်းကြောင့် ကွမ်းခြံကိုသာ အဓိကထား လုပ်ကိုင်နေကြသည့် ရေးမြို့နယ်အတွင်းရှိ ဒေသခံများမှာ စီးပွားရေး အခက်ခဲနှင့် ကြုံတွေ့ရကြောင်း မွန်ပြည်နယ်တောင်ပိုင်း ကွမ်းသီး စိုက်ပျိုးနေသူတို့က ပြောသည်။
“ဒီနှစ်မှာ ကွမ်းသီးစျေး လုံးဝမကောင်းဘူး တဝက်လောက်စျေးကျသွားတယ်၊ ဒီဘက်က လူတွေက ကွမ်းသီးကို အားကိုးတဲ့အတွက် ကွမ်းသီးစျေးမကောင်းတော့ အခက်ခဲဖြစ်တာပေါ့။ ဖြစ်ပုံကတော့ ဒီနှစ် ကွမ်းသီးနေလှမ်းတဲ့အချိန်မှာ မိုးကရွာချပြန် ကွမ်းသီးကလည်းမခြောက် စျေးကလည်းမရှိ” ဟု ရေးမြို့နယ် အင်ဒင်ကျေးရွာမှ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ပြောပြသည်။
ယခုလက်ရှိ ကွမ်းသီးစျေးသည် တစ်လုံးလျှင် အမြင့်ဆုံးစျေးအဖြစ် ၅ ကျပ်ရှိပြီး၊ ၄ ကျပ်၊ ၃ ကျပ်ထိစျေးကျသွားသည်လည်းရှိသည်။ ယမန်နှစ်တွင် ကွမ်းသီးတစ်လုံးလျှင် ၁၀ ကျပ်ထိ စျေးကောင်းခဲ့သည်။
“ကျနော်တို့က ကွမ်းသီးပဲစိုက်တာ တခြားဘာမှမစိုက်ဘူး၊ ရာဘာလည်းမစိုက်ဘူး၊ အခုလို ကွမ်းသီးစျေးမကောင်းတော့ တော်တော်အခက်ခဲဖြစ်တယ်၊ အဓိကဝင်ငွေဟာ ဒီကွမ်းသီးတွေပဲလေ၊ ကွမ်းသီးစျေးကောင်းရင် ဝင်ငွေများမယ် စီးပွားရေးအဆင်ပြေမယ်” ဟု ၄င်းခြံရှင်က ဆက်ပြောသည်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ အင်ဒင်၊ အစင်၊ ဒူရား၊ နှီးနူးအပါအဝင် ၄င်းဒေသတဝိုက်ရှိ ကျေးရွာ (၈) ရွာမှ ဒေသခံများသည် ကွမ်းသီးစျေးမကောင်းသည့်အတွက် အခက်ခဲဖြစ်နေကြသည်။
“ကွမ်းသီးစျေးကျတာဟာ ကွမ်းသီးဝယ်တဲ့လူတွေ မရှိလို့မဟုတ်ဘူး၊ စားတဲ့သူတွေလည်း ပုံမှန်လောက်ပဲရှိနေတယ် ဒါပေမယ့် ကွမ်းသီးစျေးက ခါတိုင်းနှစ်တွေလောက် မတက်ဘူး၊ အဝယ်ဒိုင်တွေလည်း ဝယ်နေတုန်းပဲ” ဟု ရေးမှ ကွမ်းသီးကုန်သည်တစ်ဦးက ပြောသည်။
မြို့ပေါ်ရှိ အဝယ်ဒိုင်များ၏ပြောပြချက်အရ ယခုနှစ် ကွမ်းသီးစျေးမကောင်းခြင်းမှာ ကွမ်းသီးများ အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ် စသောပြည်ပနိုင်ငံသို့ တင်ပို့မှု နည်းလာခြင်းဖြစ်ပြီး၊ အချို့ဒိုင်များမှာ ကွမ်းသီးကို ဝယ်ယူသိုလှောင်ထားသည်ဟု ၄င်းက ဆက်ပြောပြသည်။
ကွမ်းသီးစျေးမကောင်းသည့်အချိန်တွင် အချို့ခြံရှင်များမှာ ၄င်းတို့ကွမ်းသီးများကို စျေးကောင်းရလာသည့်အချိန်ထိ အခြောက်လှမ်း သိုလှောင်ထားပြီး အချို့အဆင်မပြေသည့် ခြံရှင်များမှာ ကုန်သည်များ ပေးသည့်ယခုပေါက်စျေးအတိုင်းသာ ရောင်းချပေးနေရသည်။