မဇ္ဈိမ (ချင်းမိုင်) ။ ။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာများ မေတ္တာသုတ်ရွတ်ဆို ဆန္ဒဖော်ထုတ်ခဲ့ရာတွင် စွမ်းအားရှင်များ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူ အတိုက်အခံပါတီဝင် မောင်ကိုကိုဝင်း၏ ၂ နှစ်ပြည့် အထိမ်းအမှတ် ယနေ့တွင် မိဘများက ရန်ကုန်တွင် သံဃာတော်များကို ဆွမ်းကပ်ပွဲ ပြုလုပ်ခဲ့သည်။
တောင်ဒဂုံမြို့နယ်နေ မိဘများဖြစ်ကြသော ဦးငွေဝင်း၊ ဒေါ်ဝင်းဝင်းမြင့်တို့၏ နေအိမ်၌ ပြုလုပ်သော ဆွမ်းကပ်ပွဲသို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မင်္သဂီကျောင်းတိုက်မှ သံဃာတော် ၅ ပါး ကြွရောက် တရားဟောခဲ့သည်။
အတိုက်အခံများ၏ စုဝေးမှုများကို ဖမ်းဆီးဖြိုခွင်းတတ်သော စစ်အစိုးရလက်အောက် ယနေ့အလှူပွဲသို့ မြို့နယ်အသီးသီးမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
အရပ်ဝတ် ထောက်လှမ်းရေးနှင့် ကြံ့ဖွံ့များက စောင့်ကြည့်ခဲ့ကြပြီး ရယက ဥက္ကဋ္ဌက တရားဟော ကြွရောက်သည့် သံဃာများ၏ ကျောင်းတိုက်ကို စုံစမ်းမှု ရှိခဲ့သည်ဟု ဒေါ်ဝင်းဝင်းမြင့်က ပြောသည်။
“ဒီနေ့ နှစ်ပတ်လည်ပေါ့နော်။ တိုင်းပြည်နဲ့ လူမျိုး၊ ဘာသာ၊ သာသနာအတွက် အသက်စွန့်သွားသူတွေအတွက် ကောင်းရာသုကတိလားဖို့အတွက် ဆုတောင်းတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စွမ်းအားရှင်နှင့် လုံထိန်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် အသက် ၂၂ နှစ်အရွယ် ၁၀ တန်း ကျောင်းသား မောင်ကိုကိုဝင်း၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်၌ ဒဏ်ရာများ ရရှိခဲ့သည်။
တလကျော်ကြာသည်ထိ မသက်သာသဖြင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသနေစဉ် ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ယိုထွက်ကာ သေဆုံးခဲ့ကြောင်း ဦးငွေဝင်းက ပြန်ပြောပြသည်။
၂၀၀၇ ခုနှစ်အတွင်း လောင်စာဆီစျေးနှုန်းများ ရုတ်တရက် တိုးမြှင့်လိုက်ရာက စတင်ခဲ့သော ဆန္ဒပြမှုများကြောင့် ဒီမိုကရေစီသို့ အကူးအပြောင်း ဖြစ်လာလိမ့်မည်ဟု ပြည်သူအများ မျှော်လင့်ခဲ့ကြသည်။
သို့သော်လည်း စစ်တပ်က စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်၍ ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး၊ စစ်အစိုးရ ထူထောင်ထားသော စွမ်းအားရှင်အဖွဲ့ကလည်း ဆန္ဒပြသူများကို တုတ်များနှင့် ရိုက်နှက်ခဲ့ကြရာ သေဆုံးမှုများ ရှိခဲ့သည်။
အနီးကပ်သေနတ်ဖြင့် အပစ်ခံရသော ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်တဦး အပါအဝင် လူ ၃၇ ဦး သေဆုံးသည်ဟု စစ်အစိုးရက ကြေညာခဲ့သည်။ သို့သော် အတိုက်အခံများက ထိုပမာဏထက် အဆပေါင်းများစွာ သေခဲ့ရသည်ဟု ပြောသည်။
(ကိုဝိုင်း တည်းဖြတ်သည်။)